ရေးမြို့၊ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး သေနတ်ဖြင့်ပစ်ခတ်ခံရ

0
320

မွန်ပြည်နယ်၊ ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး အောက်တိုဘာ ၁၀ ရက်နေ့ နံနက်ပိုင်းက သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း မြို့ခံများထံမှ သိရသည်။

ရေးမြို့ အောင်မေတ္တာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခ) ကိုလတ်အား အောက်တိုဘာ ၁၀ ရက် နံနက် ၉ နာရီခန့်က ရေးမြို့၊ မြသီတာဈေးအနီးတွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်ဟု မြို့ခံတစ်ဦးက ပြောသည်။

“သေနတ်နဲ့ ပစ်ခတ်ခံရလို့ ကိုလတ်မှာ သေနတ်ဒဏ်ရာနှစ်ချက် ရသွားတယ်လို့ သိရတယ်” ဟု ယင်းမြို့ခံက ပြောဆိုသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခ) ကိုလတ်ကို လူမှုကယ်ဆယ်ရေးအဖွဲ့မှ ရေးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ထိုမှတဆင့် မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

ရေးမြို့ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမောင်လတ် (ခ) ကိုလတ်ကို ၎င်းတို့အဖွဲ့က 90 mm နှင့် ၃ ချက် ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ချက် ထုတ်လာသည်ကို တွေ့ရသည်။

ဦးမောင်လတ် (ခ) ကိုလတ်သည် ပျူစောထီးခေါင်းဆောင်တစ်ဦး ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနှင့် ပူးပေါင်းပြီး လုပ်ပိုင်ခွင့်များရရှိထားသူ၊ စစ်ကောင်စီမှ မသင်္ကာသူများကို စစ်ဆေးမှုပြုလုပ်ရာတွင် ဦးဆောင်သူ ဖြစ်သည့်အတွက် ယခုလိုပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ရေးဘီလူးအဖွဲ့က ထုတ်ပြန်သည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းက ရေးမြို့၊ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးအောင်ကျော်ကို ရာမညပြောက်ကျားတပ်ဖွဲ့ (R.G.F) က အုပ်ချုပ်ရေးမှူးရုံး အနီးတွင် သေနတ်ဖြင့် ပစ်သတ်ခဲ့သည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here