မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အစင်စံပြကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ခုအတွင်း အမည်မသိလက်နက်ကိုင် နှစ်ဦးတို့က ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ရာအိမ်မှူးအပါအဝင် ဒေသခံ ၃ ဦး သေဆုံးပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သြဂုတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်ခန့်က အစင်ကျေးရွာထိပ်ရှိ ဦးချစ်ဆွေလက်ဖက်ရည်ဆိုင်တွင် လက်နက်ကိုင် နှစ်ဦးတို့က ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး ထိုသို့ဝင်ရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရမှုကြောင့် လက်ဖက်ရည်ဆိုင်တွင် ရှိနေသည့် အသက် ၆၈ နှစ်အရွယ် အစင်ကျေးရွာ ရာအိမ်မှူး ဦးယဉ်ဝေနှင့် ၎င်းနှင့်အတူ ထိုင်နေသည့် အသက် ၆၂ နှစ် အရွယ် ဦးအောင်သိန်းတို့ အခင်းဖြစ်ပွားရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားသည်ဟု အစင်ကျေးရွာခံများက ပြောသည်။
ထိုလက်ဖက်ရည်ဆိုင်ထဲရှိ အခြားဒေသခံ ၃ ဦး လည်း ကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူ ၃ ဦး အနက် ၁ ဦးသည်လည်း ဆေးရုံအရောက်တွင် သေဆုံးသွားခဲ့ကြောင်း အစင်ကျေးရွာခံတစ်ဦးက အခုလို ပြောဆိုသည်။
“နှစ်ယောက်ဆိုင်ကယ်နဲ့လာပြီးတော့ လက်နက်အရှည်နဲ့ လာပစ်သွားတယ်။ ဘယ်အဖွဲ့က ပစ်လဲတော့ မသိသေးဘူး။ ရာအိမ်မှုးတစ်ယောက်နဲ့ ပြည်သူတစ်ယောက်တော့ အဲဒီနေရာမှာပဲ ပွဲချင်းပြီးသွားတယ်။ ဘေးနာက ၃ ယောက်က ဒဏ်ရာရသွားတယ်။ တစ်ယောက်က ဆေးရုံအရောက်မှာ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ထိခိုက်ဒဏ်ရာ ရရှိသူများကို လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တို့က အစင်ဆေးရုံမှ တဆင့် မော်လမြိုင်ပြည်သူ့ ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။
အဆိုပါ ပစ်ခတ်မူ ဖြစ်စဉ်နှင့် ပတ်သက်ပြီး မည်သူ၊မည်သည့်အဖွဲ့က မည်သည့်အကြောင်းကြောင့် လုပ်ဆောင် သည်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါ။
လက်ရှိတွင် အစင်စံပြကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေး တိုးမြှင့်ထားပြီး ရှာဖွေစစ်ဆေး မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် အတွင်း ရေးမြို့နယ်၊ အစင်စံပြကျေးရွာတံတား လုံခြုံရေးဂိတ်တွင် ပစ်ခတ်ခံရမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့ပါသည်။
IMNA ပေးပို့သည်။