ရေးမြို့၊ ကော့ဒွတ်-သောင်ပြင်ပင်လယ်ကမ်းခြေဘက် ဝင်ရောက်လာသူတို့ကို စစ်ကောင်စီတပ်ကပစ်သတ်

By MPM 19 ဖေ‌ဖော်ဝါရီ, 2025 👁 6

မွန်ပြည်နယ်၊ ရေးမြို့မြောက်ပိုင်း၊ ကော့ဒွတ်-သောင်ပြင်ကျေးရွာအကြားရှိ ပင်လယ်ကမ်းခြေဘက်သို့ လှေဖြင့် ဝင်ရောက်လာသည့် ရိုဟင်ဂျာဟုယူဆရသူ လူတစ်စုအနက် ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့ ပစ်သတ်လိုက်သည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့ (တပို့တွဲလပြည့်နေ့) က ရိုဟင်ဂျာဟုယူဆရသည့် အမျိုးသား၊ အမျိုးသမီး ၁၀ ဦးထက်မနည်း ပါဝင်သည့်လှေတစ်စင်းသည် ကော့ဒွတ်- သောင်ပြင်ကမ်းခြေဘက်သို့ရောက်ရှိလာစဉ် အဆိုပါ ဒေသတဝိုက် ကင်းလှည့်နေသည့် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးခဲ့ကြောင်း ရေးဒေသခံတစ်ဦးက ဆိုသည်။

ထိုသို့လိုက်လံဖမ်းဆီးစဉ် ပင်လယ်ဘက်ခုန်ဆင်းကာ ထွက်ပြေးသည့် အမျိုးသား ၅ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်လိုက်ပြီး ကျန်ရှိသည့် လူ ၁၀ ဦးထက်မနည်းကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ရေးဒေသခံအမျိုးသားတစ်ဦးက ပြောပြသည်။

“လှေဝင်လာတဲ့ချိန်မှာ တနေရာရာမှာ ရပ်နေကြတယ်။ စကစတွေကသတင်းရတော့ အဲ့ဘက် ဆင်းသွားကြတယ်။ စကစတွေကိုတွေ့တော့ သူတို့ ထွက်ပြေးကြတာပေါ့။ ထွက်ပြေးတော့ ပစ်သတ်လိုက်တယ်။ ထွက်မပြေး တဲ့သူတွေကို သူတို့ဖမ်းလိုက်တာပေါ့။ ခိုးဝင်လာတဲ့သူတွေ ခဏခဏဖမ်းမိတယ်” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က ၎င်းတို့ ပစ်သတ်ခဲ့သည့် အမျိုးသား ၅ ဦး၏ ရုပ်အလောင်းတို့ကို သိမ်းဆည်းခြင်း မပြုတာကြောင့် ဖေဖော်ဝါရီ ၁၄ ရက်နေ့တွင် ဒေသခံတို့က ကမ်းခြေတစ်နေရာတွင် ပြန်လည်တွေ့ရှိခဲ့ ကြောင်းလည်း ရေးဒေသခံအမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ဒေသခံတွေက အလောင်းတွေတော့ ရေးခရိုင်ကို တိုင်ကြားချက် ရောက်သွားလို့ဖြစ်မယ်၊ တာဝန်ရှိသူတွေက ဆင်းလာကြတယ်။ ပြီးတော့ အဲ့အလောင်းတွေကို အဲ့နားမှာပဲ မြှုပ်လိုက်တယ်လို့ ကြားတယ်” ဟု ရေးဒေသခံ အမျိုးသမီးက ပြောသည်။

ရိုဟင်ဂျာဟုယူဆရသည့် အဆိုပါလူတစ်စုတို့သည် ရခိုင်ပြည်နယ်မှတဆင့် ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ရေလမ်းကြောင်းမှတဆင့် ရေးဒေသဘက်သို့ ရောက်ရှိလာပြီး ထိုမှတဆင့် ဘုရားသုံးဆူ ဘက်သို့ဝင်ရောက်ရန် ရှိကြောင်းလည်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရေးမြောက်ပိုင်း ပင်လယ်ကမ်းခြေဘက်သို့ အလားတူ လူအုပ်စုတို့ မကြာခဏ ဝင်ရောက်လျှက်ရှိပြီး တဖက်နိုင်ငံရှိ ပွဲစားနှင့် ချိတ်ဆက်ထားကာ သွားလာကြသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ မွန်ပြည်နယ်သို့ ရေကြောင်းဖြင့်ဝင်ရောက်ရန် လူတစ်ဦးလျှင် ပွဲစားခ ကျပ် ၄ သိန်းမှ ၈ သိန်းအထိ ပွဲစားခ ပေးဆောင်ထားရကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ကလည်း မကြာခဏ ဖမ်းဆီးရမိနေသည်ဟု သိရသည်။

လက်ရှိ၌ ဘုရားသုံးဆူမြို့တွင် တရုတ်အွန်လိုင်းကျားဖြန့်လုပ်ငန်းကြောင့် ထိုင်းနိုင်ငံဘက်က လုံခြုံရေး တင်းကြပ်ထားပြီး လျှပ်စစ်မီး ဖြတ်တောက်ခံထားရသော်လည်း တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်မည့် ရွေ့ပြောင်းလုပ်သားတို့ စုပြုံရှိနေကြကြောင်း မြို့တွင်းသတင်းရင်းမြစ်တို့ထံမှ သိရသည်။

IMNA ပေးပို့သည်။