ရေးမြို့တွင် ဖုန်းလိုင်းဖြတ်တောက်ခံရခြင်းကြောင့် ဒေသအတွင်းကျေးရွာများကြား အဆက်အသွယ်ပြတ်နေ

0
252

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် ဇူလိုင်လမှစ၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံနေရခြင်းကြောင့် ဒေသတွင်းရှိ တစ်ရွာနှင့်တစ်ရွာ အဆက်အသွယ်ပြတ်တောက်လျှက်ရှိသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ရေးမြို့နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းအတွင်းရှိ ကျေးရွာတချို့တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားချိန်တိုင်း ဖုန်းလိုင်းဖြတ်တောက်ခံနေရပြီး တစ်ကြိမ်ဖြတ်တောက်ခံရလျှင် ၅ ရက်အထိ ကြာမြင့်သည်ဟု ရေးဒေသခံတစ်ဦးက ပြောဆိုသည်။

“အစကတော့ ကျမတို့ဘက်မှာဆို MPT၊ Mytel ၊Telenor (ATOM) လိုင်းဖုန်းတွေရတယ်။ နောက်တော့ MPT တစ်ခုပဲ ကျန်တယ်။ အခုဆို MPT တောင် မရတော့ဘူး။ ဘယ်ဖုန်းလိုင်းမှ မရတော့ဘူး။ ဟိုဘက်ရွာနှင့် ဒီဘက်ရွာလဲ အဆက်သွယ် မရတော့ဘူး” ဟု ရေးမြို့၊ ကျူံကညာရွာသူတစ်ဦးက ပြောသည်။

ယခုလို မိုးရာသီကာလ ရေးမြို့နယ်အတွင်း ရေကြီးရေလျှံ ဖြစ်ပွားနေသည့် အခြေအနေနှင့် အရေးပေါ်ကျန်းမာရေး အခြေအနေတို့တွင် ဖုန်းလိုင်း ပြတ်တောက်နေမှုကြောင့် ဆက်သွယ်မရသည့် အခက်ခဲနှင့် ရင်ဆိုင်နေရ သည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည့် အခြေအနေတို့ကြောင့် ရေးမြို့နယ်တွင် နေထိုင်သည့် မိသားစုဝင်များနှင့် အဆက်သွယ်ပြတ်တောက်နေရကြောင်း ရပ်ဝေးရောက်နေသည့် ရေးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

“အရင် မေလလောက်မှာတော့ အဆက်အသွယ်ယူရတာ အဆင်ပြေတယ်။ ရွာမှာရှိနေတဲ့သူတွေနဲ့လဲ ဖုန်းခဏခဏပြောဖြစ်တယ်။ ဇွန်လလောက်ကပေါ့ ရွာကဖုန်းလိုင်းတွေ အင်တာနက်လိုင်းတွေမရတော့ အိမ်ကလူတွေနဲ့ အဆက်အသွယ် မရတော့ဘူး။ အခုဆို အမေနဲ့ ဖုန်းမပြောရတာ နှစ်လလောက်ရှိနေပြီ။ ဘာအကြောင်းမှမကြားရတော့ စိတ်ပူနေတယ်” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

သြဂုတ်လဆန်း ၁ ရက်နေ့မှစ၍ လက်ရှိအချိန်ထိ ရေးမြို့နယ် နှင်းစုံရွာနှင့် နှစ်ကရင်ရွာတို့တွင် အင်အားဖြည့်တင်းထားသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား တိုက်ပွဲ ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် နှင်းစုံရွာတွင် နေအိမ် ၄ လုံး ပျက်စီးခဲ့ရသည်ဟု ရေးမြို့ခံတို့က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် အဆိုပါကျေးရွာတို့တွင် ဖုန်းလိုင်းများ ဖြတ်တောက်ထားသည့်အပြင် တစ်ရွာနှင့်တစ်ရွာ ဖြတ်သန်းသွားလာခွင့်ကိုလည်း ပိတ်ဆို့ထားသည်ဟုသိရကြောင်း ၎င်းတို့က ပြောသည်။

ပြီးခဲ့သည့်လအတွင်းက ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာရှိ မစောတံတား မိုင်းခွဲခံရပြီးနောက် မော်လမြိုင်မြို့ အပေါအဝင် မွန်ပြည်အတွင်းရှိ မြို့နယ်အချို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်း ပြတ်တောက်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

ရေးမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပွားနေသည့် အခြေအနေကို အွန်လိုင်းပေါ်တွင် ထုတ်ဖော်ရေးသားခြင်း မပြုစေလိုခြင်းကြောင့် ဆက်သွယ်ရေးအော်ပရေတာများအားလုံးကို ဖြတ်တောက်ထားသည်ဟု ရေးမြိုနယ်၊ ခေါဇာမြို့ခံတစ်ဦးက ပြောဆိုသည်။

စစ်ရေးအရ အရေးနိမ့်မှနေသည့် စစ်ကောင်စီသည် သတင်းမှန် ဖုံးကွယ်ထားရန်နှင့် ၎င်းတို့၏ ကျရှုံးမှုများကို ဖုံးကွယ်ထားရန် ရည်ရွယ်ပြီး ပဋိပက္ခဖြစ်ပွားရာဒေသတို့တွင် ပြီးခဲ့သည့်မေလမှ ဇူလိုင်လကစ၍ အင်တာနက်နှင့် ဖုန်းလိုင်း ဖြတ်တောက်မှုများကို ပြင်းပြင်းထန်ထန် လုပ်ဆောင်လာသည်ဟု မြန်မာအင်တာနက် ပရောဂျက်အဖွဲ့မှ အစီရင်ခံစာအချက်အလက်များအရ သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here