ရေး – သံဖြူဇရပ်ကားလမ်း KNLA နှင့် PDF ပူးပေါင်းစစ်ဆေးမှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦး ဖမ်းဆီးမိ

0
606
ပုံစာ- ဇွန်လ ၁၈ ရက်က KNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့က မော်တော်ယာဉ်များကို စစ်ဆေးနေစဉ်။

မွန်ပြည်နယ်၊ ရေးမြို့နှင့် သံဖြူဇရပ်မြို့ကြား မော်လမြိုင်-ရေး-ထားဝယ် ကားလမ်းမပေါ်တွင် စစ်ဆေးမှုဆောင်ရွက်စဉ် စစ်ကောင်စီတပ်သား ၄ ဦး ဖမ်းဆီးရမိကြောင်း တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် ၃ က ထုတ်ပြန်သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ဇွန်လ ၁၈ ရက် နံနက် ၇ နာရီမှ နေ့လည် ၁၁ နာရီ အထိ ရေးနှင့် သံဖြူဇရပ်ကြား ကားလမ်း တလျှောက်တွင် နေရာ ၃ နေရာခွဲပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုသို့ စစ်ဆေးမှုများပြုလုပ်နေစဉ် ခရီးသည်အသွင်ဖြင့် မော်တော်ယာဉ်ပေါ် လိုက်ပါစီးနင်းလာသည့် အရပ်ဝတ် စစ်ကောင်စီတပ်သား ၄ ဦး ကို ဖမ်းဆီးရမိသည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သား ၄ ဦးနှင့်ပတ်သက်ပြီး လိုအပ်သည့် စစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိပြီး အသေးစိတ်ကို သတင်းထုတ်ပြန် ပေးသွားမည်ဟု စစ်ဒေသခွဲအမှတ် ၃ ၏ ထုတ်ပြန်ချက် အရ သိရသည်။

မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေကြသည့် ခရီးသွားပြည်သူများ၊ ကားများအနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့နှင့်ပတ်သက်သည့် ပစ္စည်းများ တင်ဆောင်ခြင်း လုံးဝမပြုရန်အပါအဝင် အချက် ၄ ချက်ပါ ထုတ်ပြန်ချက်တစ်စောင်ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၆) တပ်မဟာက ဇွန်လ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်တွင် ဇွန်လ ၁၅ ရက် မှ စပြီး အမှတ် ၈ လမ်းမကြီးတလျှောက် သွားလာနေသော ခရီးသွား ပြည်သူများ၊ မော်တော်ယာဉ်များ အနေဖြင့် KNLA က ရပ်တန့်သည့်အခါ ကြည်ဖြူစွာ ရပ်တန့်၍ အစစ်ဆေးခံရန်၊ မော်တော်ယာဉ်များပေါ်တွင် စစ်ကောင်စီနှင့် ပတ်သက်သည့် လူဖြစ်စေ၊ ရုပ်ဝတ္ထုပစ္စည်း ဖြစ်စေ တင်ဆောင်ခြင်း လုံးဝ မပြုလုပ်ရန်၊ ခရီးသွားပြည်သူများ အနေဖြင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့်အတူ ယာဉ်ပေါ် စီးနင်း လိုက်ပါခြင်း လုံးဝ မပြုလုပ်ရန်နှင့် အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ယာဉ်များအနေဖြင့်လည်း ကြည်ဖြူစွာ ရပ်တန့် အစစ်ဆေးခံရန် စသည့် အချက်များ ပါရှိသည်။

မော်လမြိုင်- ရေး လိုင်းကား ပြေးဆွဲနေသူတစ်ဉီးက “စစ်ဆေးမေးမြန်းတာကတော့ သံသယဖြစ်စရာ လူတွေပါလား။ ထူးဆန်းတာတွေပါလား။ အဲ့လိုတွေ လိုက်ကြည့်တာပေါ့လေ။ ကိုယ့်ရွာကလူတွေပဲဆိုရင် သူတို့က ဘာမှမလုပ်ပါဘူး။ ထူးဆန်းတဲ့လူတွေ ပါလာရင်တော့ မေးတယ်ပေါ့။ ဘယ်ကလာ ဘာညာပေါ့ အဲ့လောက်ပါပဲ” ဟု ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခရီးသွားပြည်သူလူထုအား အကာအကွယ်ယူ၍ သွားလာခြင်း၊ အင်အားဖြည့်တင်းခြင်းများ လုပ်ဆောင်နေသည့်အတွက် ယခုလို အမိန့်ထုတ်ပြန်ရခြင်းဖြစ်ကြောင်း KNLA က ဆိုသည်။

အမိန့်ထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမည်ဖြစ်ပြီး အများပြည်သူအနေဖြင့် တိတိကျကျလိုက်နာကြရန်နှင့် လိုက်နာခြင်းမရှိဘဲ တစုံတရာ ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် မည်သည့် ကိစ္စမျိုးကိုမဆို KNLA အနေဖြင့် တာဝန်ယူမည် မဟုတ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ကြား ကားလမ်းတလျှောက်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှု မကြာခဏ ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရသည့်ဖြစ်စဉ်၊ အရပ်သားကားများ၊ ကုန်တင်ကားနှင့် ဆိုင်ကယ်များ ပစ်ခတ်ခံရသည့်ဖြစ်စဉ်လည်း ဆက်တိုက် ရှိလာခဲ့သည်။

ရေး – သံဖြူဇရပ် ကားလမ်းတွင် နှစ်ဘက်တိုက်ပွဲအကြား လူထိခိုက်သေဆုံးမှု ရှိခဲ့သလို နှစ်ဘက်တပ်ဖွဲ့တို့ ပစ်ခတ်မှုကြောင့်လည်း လူထိခိုက် သေဆုံးမှု ရှိခဲ့သည်ဟု ဒေသခံတို့၏ ပြောပြချက်အရ သိရသည်။

IMNA – ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here