ရေး-ထားဝယ်လမ်းပေါ်က ကျေးရွာတစ်ရွာကို တိုက်ပွဲမရှိဘဲ စစ်တပ် ဗုံးကြဲ

By MPM 28 မေ, 2026 👁 3

ထားဝယ်ခရိုင်၊ ရေး-ထားဝယ် လမ်းမကြီးပေါ်ရှိ ရေဖြူမြို့နယ်အတွင်းက ကျေးရွာတစ်ရွာဝန်းကျင်ကို တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံရွာသားများက ပြောသည်။

ရေဖြူမြို့နယ် ကလိန်အောင်မြို့အနီး ကျောက်ရှပ်ကျေးရွာအနီးရှိ သစ်ထုတ်လုပ်ငန်းခွင်တစ်ခုအနီးနှင့် တောစပ်တစ်နေရာတို့ကို ပြီးခဲ့သည့် မေလ ၂၄ ရက် နံနက် ၁၁ နာရီခန့်တွင် ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

မောရဝတီရေတပ် စခန်းဌာနချုပ်တည်ရှိရာ ဟိန္ဇဲပင်လယ်ဝ ကံပေါက်ကျေးရွာအုပ်စုဘက်မှ ပျံသန်းတက်လာသော ပါရာမော်တာ (Paramotor) နှစ်စီးဖြင့် ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များက ဆိုသည်။

ကျောက်ရှပ်ကျေးရွာဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲခံရမှုမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး စစ်တပ်က အကြောင်းမဲ့ အရပ်သားပစ်မှတ်များကို ခြိမ်းခြောက်တိုက်ခိုက်လာခြင်း ဖြစ်သည်။

အသက် ၅၀ ခန့်အရွယ်ရှိ ဒေသခံရွာသားတစ်ဦးက “ရွာမှာက အေးချမ်းနေတာ ကြာပြီ တနှစ်ခွဲ နှစ်နှစ်လောက် ရှိနေပြီ၊ ကံကောင်းတာက ဗုံးကြဲတာကြောင့် အဆောက်အဦးတွေနဲ့ လူတွေထိခိုက်မှု မရှိလို့တော်သေးတယ်” ဟု ပြောသည်။

ဗုံးကြဲခံရသည့် ကျောက်ရှပ်ကျေးရွာတွင် စစ်တပ်၏ အမှတ် (၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၈) လက်အောက်ခံ ခြေမြန်တပ်ရင်းများဖြစ်ကြသည့် (ခမရ ၄၀၈)၊ (ခမရ ၄၀၉) နှင့် (ခမရ ၄၁၀) စသည့် တပ်ရင်း ၃ ခုအထိ အခြေစိုက်ထားသည့်ကြားမှ ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယခု မေလ တတိယပတ်အတွင်း၌လည်း စစ်တပ်သည် ထားဝယ်ခရိုင်အတွင်းသို့ လေကြောင်းတိုက်ခိုက်မှု သုံးကြိမ်ထက်မနည်း ပြုလုပ်ခဲ့သဖြင့် ဒေသခံ ပြည်သူလူထု၏ နေအိမ်များနှင့် သာသနိကအဆောက်အအုံအချို့ ပျက်စီးခဲ့ရသည့်အပြင် အပြစ်မဲ့ရွာသား သုံးဦး သေဆုံးခဲ့ရသည်။

သတင်းနှင့် မီဒီယာ ကွန်ရက်။