ရေဖြူမြို့နယ်ရှိ ရာဖူးကျေးရွာအနီးတဝိုက် ၃ ရက်ဆက်တိုက် လက်နက်ကြီးနှင့် ပစ်ခတ်ခံနေရ

By MPM 22 ဧပြီ, 2025 👁

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီ၏ မောရဝတီရေတပ်စခန်းကနေ ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအနီးတဝိုက်ကို လက်နက်ကြီးဖြင့် ၃ ရက်ဆက်တိုက် ပစ်ခတ်နေသည်ဟု ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ရာဖူးကျေးရွာအနီးတဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ကစပြီး နေ့စဉ်နီးပါး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်နေသည်ဟု ၎င်းတို့က ဆိုသည်။

ပစ်ခတ်လိုက်သည့် လက်နက်ကြီးက လူနှင့် နေအိမ်များအား ထိခိုက်မှုမရှိသေးသော်လည်း အဆိုပါကျေးရွာ အနီးတဝိုက်ရှိ ဥယျာဉ်ခြံကြားတွင် ကျရောက်ပေါက်ကွဲခဲ့သည်ဟု ရေဖြူဒေသခံတစ်ဦးက ပြောသည်။

“လေယာဉ်တွေလည်း လှည့်နေတာ။ ဘာလေယာဉ်လည်းတော့ မသိဘူး။ ရာဖူးဘက်က ဒေသခံတွေလည်း ပြေးနေကြတာ မပြောနဲ့တော့၊ လက်နက်အသံတွေ ကြားနေရတယ်။ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်ခတ်နေတာ” ဟု ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် လေယာဉ်ဖြင့်လည်း ကင်းထောက်ပျံဝဲနေခြင်းကြောင့် ရာဖူးကျေးရွာနှင့် အနီးတဝိုက်ရှိကျေးရွာတို့မှ ဒေသခံတို့ ထိတ်လန့်နေကြကြောင်း ၎င်းက ဆက်ပြောသည်။

ထိုအခြေအနေကြောင့် ဒေသခံ ရာနှင့်ချီသည်လည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြပြီး ရွာခံတချို့ ကျေးရွာအတွင်း ကျန်ရှိနေသည်ဟု ဒေသခံတို့က ပြောဆိုသည်။

“ထွက်ပြေးသွားတဲ့သူဆို အချို့ဆို အမျိုးတွေရှိတဲ့ရွာ၊ အချို့က ဟံဂံဘက်၊ အချို့က အလယ်စခန်းဘက်ပေါ့။ ထွက်ပြေးတဲ့လူတွေက ပိုများတယ်။ အဲ့ရွာထဲမှာ တိုက်ပွဲမဖြစ်ပေမယ့် မနေရဲကြဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီလ ၂၀ ရက်နေ့ နံနက် ၈ နာရီခန့်စပြီး မင်းသားကျေးရွာတွင် ဒေသတွင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့အထိ နှစ်ဖက်တပ်ကြား စစ်ရေးတင်းမာနေကြောင်း သိရသည်။

ထိုအခြေအနေကြောင့် မင်းသားကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများဖြစ်သည့် ဆင်ကူးရွာ၊ မင်းသားရွာ၊ လယ်ကြီးရွာ၊ ဆင်စွယ်ရွာနှင့် စိန်ဘုံရွာ စသည့် ကျေးရွာများမှ ဒေသခံများလည်း တိမ်းရှောင်နေရသည်ဟု ဆိုသည်။

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာကို မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်းနှင့် ရေဖြူဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ပွဲဖော်ဆောင်နေခြင်းဖြစ်သည်။

IMNA ပေးပို့သည်။