ရေဖြူတွင် လက်နက်ကြီးကျလို့ ကလေး ၁ ဦးအပါအဝင် အရပ်သား ၂ ဦး ဒဏ်ရာရ

By MPM 7 ဇန်နဝါရီ, 2025 👁 2

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် အင်းပြားကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်တာကြောင့် ကလေး ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ဇန်နဝါရီ ၅ ရက်နေ့ ည ၆ နာရီအချိန်ခန့်ကစပြီး ရေဖြူမြို့နယ်အခြေစိုက် စစ်ကောင်စီတပ် အမှတ် ၄၀၈ ခြေမြန် တပ်ရင်းကနေ လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် အင်းပြားကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိုကျေးရွာနေ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးနှင့် အသက် ၆၀ အရွယ် ဦးကြီးမြင့်တို့ လက်နှင့်ခြေထောက်တို့တွင် ကျည်စထိမှန်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က ထိုနေ့ည ၁၁ နာရီအထိ လက်နက်ကြီးနှင့် အဆက်မပြတ် ပစ်ခတ်ခဲ့နေတာကြောင့် ထိခိုက်ဒဏ်ရာရရှိသူတို့ကို ဇန်နဝါရီ ၆ ရက် မနက်ပိုင်းမှာသာ ဆေးရုံတင်ပို့နိုင်ခဲ့သည်ဟု ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်က ယခုလို လက်နက်ကြီးနှင့်ပစ်ခတ်တာကြောင့် ဒေသခံပြည်သူများက စိုးရိမ်ကြောက်လန့်စွာနှင့် နေထိုင်နေရကြောင်း ပြောဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၂၉ ရက်နေ့ကလည်း ရေဖြူမြို့နယ် ဇာဒီကျေးရွာတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် ဒေသခံမောင်နှစ်မနှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။