တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် ညှင်းထွေးကျေးရွာနှင့် ကျောက်ကညာကျေးရွာကြား လမ်းကြောင်းလုံခြုံရေးလာယူသည့် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော် သေဆုံးခဲ့သည်ဟု ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်သည်။
မတ်လ ၂၄ ရက်နေ့ နံနက် ၉ နာရီခန့်က အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်တွင် လမ်းကြောင်းလုံခြုံရေးလာယူသည့် အင်အား ၂၀၀ ကျော်ပါသော စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းသို့တိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲ နှစ်နာရီနီးပါးကြာဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု များပြားခဲ့သည်ဟု ဒူရကစစ်ကြောင်းမှူးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတစ်ဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ကျော်သေဆုံးပြီး သေနတ် ၅ လက်နှင့် ဆက်စပ်ပစ္စည်းတချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု ၎င်းကပြောသည်။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျောက်ကညာနှင့် ဇဟာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်တို့ကနေ တော်လှန်ရေးတပ်ဖွဲ့များ ဆုတ်ခွာရာလမ်းကြောင်းကို လက်နက်ကြီးများနှင့် ဆက်တိုက်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
ယင်းတိုက်ပွဲအတွင်း ဥယျာဉ်ခြံကနေ နေအိမ်ကို ဆိုင်ကယ်နှင့်ပြန်လာသည့် ညှင်းထွေးရွာသား အသက် ၄၀ ကျော်အရွယ် ကိုသားငယ်ဆိုသူသည် နေအိမ်နားအရောက် လက်နက်ကြီးထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၂ ရက်နေ့က ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာ ရှင်ဓာတ်ဝဲဘုရားရှေ့တွင် အင်အား ၁၀ ဦးကျော်နှင့် လမ်းသွားလမ်းလာတို့ကို စစ်ဆေးနေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး နှစ်ဦး သေဆုံးခဲ့သေးသည်။
သံလွင်တိုင်းမ် ပေးပို့သည်။