တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ် မူးဒူးကျေးရွာအရှေ့တောင်ဘက်ရှိ PDF စခန်းတစ်ခု စီးနင်းခံရပြီး ရဲဘော် ၃ ဦး ပျောက်ဆုံးနေသည်ဟု ရေဖြူမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူများထံကနေ သိရသည်။
စီးနင်းခံလိုက်ရသည့် PDF စခန်းသည် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သော A Zero စခန်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်တွင် စီးနင်းခံလိုက်ခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အင်အား ၆၀ ကျော်ပါသည့် စစ်ကောင်စီစစ်ကြောင်းက A Zero စခန်းတစ်ခုလုံးကို ဖျက်ဆီးသွားပြီး စားနပ်ရိက္ခာများအပါအဝင် လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းသွားသည်ဟု ဆိုသည်။
A Zero စခန်းက တပ်ဖွဲ့ဝင်အများစု ရှေ့တန်းရောက်နေချိန်တွင် စခန်းစီးနင်းခံလိုက်ရခြင်းဖြစ်သည်ဟု ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
စခန်းစီးနင်းသွားသည့် စစ်ကောင်စီစစ်ကြောင်းသည် ဇန်နဝါရီ ၂၅ ရက်နေ့က ရလိုင်ကျေးရွာအနီး၌ တောနင်းရှာဖွေလုပ်ဆောင်နေကြောင်း တော်လှန်ရေးအင်အားစုများ ပြောဆိုမှုအရ သိရသည်။
စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေတာကြောင့် မူးဒူး၊ ရလိုင်၊ ပုဂေါဇွန်း စသည့် ကျေးရွာများက ဒေသခံ ၁၀၀၀ ဝန်းကျင်သည် ဘေးလွတ်ရာကျေးရွာများနှင့် ဥယျာဉ်ခြံများထဲ ပုန်းခိုတိမ်းရှောင်နေကြရကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
သံလွင်တိုင်းမ် ပေးပို့သည်။