ရေကြီးမှုကြောင့် စစ်ရေးလှုပ်ရှားမှုများ ရပ်ထားခဲ့ရဟုဆို

By MPM 10 အောက်တိုဘာ, 2024 👁

ကရင်နီ (ကယား) ပြည်နှင့် ရှမ်းပြည်တောင်ပိုင်း၊ ကရင်နီပြည်အစပ် ဒေသများတွင် လက်ရှိကြုံနေရသည့် ရေကြီးရေလျှံမှုများကြောင့် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားသည်ဟု လွိုင်ကော် Local PDF တာဝန်ရှိသူများက ပြောသည်။

အဆိုပါဒေသများတွင် စက်တင်ဘာလ ၁၁ ရက်နေ့ ဝန်းကျင်ကတည်းက ရေကြီးရေလျှံမှုများ ဖြစ်ပွားလျက်ရှိရာ လွိုင်ကော် Local PDF အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသည့်အတွက် စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားရခြင်းဖြစ်သည်ဟု ဆိုသည်။

လွိုင်ကော် LPDF ပြောရေးဆိုခွင့်ရှိသူ ကိုလင်းလင်းက “အဓိကတော့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတယ်။ နောက်ပြီးတော့ စစ်ရေးပုံဖော်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့နော်။ လွိုင်ကော်မြို့ ရေကြီးနေတာကတော့ လူသွားလမ်းမှာတောင်မှ သွားလို့မရတဲ့ အခြေအနေ။ လှေနဲ့ ကူးနေရတဲ့ အခြေအနေပေါ့နော်။ ဒီအချိန်ကြမှ စစ်ရေးသွားဖော်လို့လည်း အဆင်မပြေဘူးပေါ့။ ပြည်သူတွေကလည်း ဒုက္ခရောက်နေကြတယ်ပဲ” ဟု ပြောသည်။

ကရင်နီပြည် ဒီးမော့ဆို၊ လွိုင်ကော်မြို့နယ်နှင့် ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်တို့၌ ဘီလူးချောင်းတစ်လျှောက်ရှိ ကျေးရွာပေါင်း ၅ ထောင်ကျော်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ထိုသို့ ဖြစ်ပွားရခြင်းမှာ သဘာဝဘေးကြောင့်မဟုတ်ဘဲ ကရင်နီပြည်တွင် နယ်မြေစိုးမှု ပြန်လည်ရယူနိုင်ရန်အတွက် စစ်ကောင်စီက မိုးဗြဲရေကာတာအား ဖောက်ချလိုက်ခြင်းကြောင့်ဖြစ်သည်ဟု ကိုလင်းလင်းက သုံးသပ်ပြောသည်။

“စစ်ကောင်စီကတော့ သူ့အလုပ်အတိုင်း သူလုပ်နေတာပဲပေါ့။ ရေဖောက်ချတယ်ဆိုတာလည်း ဒါက ရည်ရွယ်ချက်ရှိတယ်ပေါ့နော်။ သူတို့ ဗျူဟာလို့တောင် သုံးသပ်လို့ရတယ်။ ပြီးခဲ့တဲ့နှစ် နွေတစ်နွေလုံး မဖောက်ခဲ့တဲ့ရေဟာ အခုမိုးတွင်းကျမှ မိုးကြီးရေကြီးတဲ့အချိန်ကြမှပဲ မဖြစ်မနေ အခြေအနေအရ ဖောက်ရတယ်ဆိုတော့ တစ်ခါဖောက်ရမယ့်ဟာက ၂ ခါစာ ဝိုင်းဖောက်တော့ အဲမှာ အကုန်လုံးက ရေကြီးရေလျှံဖြစ်ပြီး အားလုံးက ဒုက္ခ တွေ ရောက်ကုန်ရော။ အခုစစ်ရေး ပုံဖော်တဲ့ တပ်ရင်းတပ်ဖွဲ့တွေလည်း အကုန်လုံး ဆိုးဝါးကုန်တာပေါ့နော်။ စစ်ဘေးကြောင့် ဒုက္ခရောက်တာ တစ်မျိုး၊ ရေဘေးကြောင့်ရောက်တာ တစ်မျိုး”

လွိုင်ကော်မြို့ရှိ ပန်ကန်း၊ မိုင်းလုံး၊ ရွာတန်းရှည် ရပ်ကွက်များနှင့် GTC တက္ကသိုလ်တွင် ပြီးခဲ့သည့် ဇူလိုင်လနှင့် ဩဂုတ်လအတွင်း တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း စက်တင်ဘာလမှစတင်၍ ရေကြီးရေလျှံမှုများကြောင့် တိုက်ပွဲများ ငြိမ်သက်သွားရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

သို့ဖြစ်၍ လက်ရှိ စစ်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားသည့် ကာလများတွင် လွိုင်ကော် Local PDF အနေဖြင့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည်ဟု ကိုလင်းလင်းက ဆက်ပြောသည်။

“အခက်အခဲတော့ ရှိတာပေါ့နော်။ အခု လက်ရှိဆိုလည်း Campaign တွေ လုပ်နေတယ်။ Campaign အား ကောင်းနေတဲ့အချိန်မှာ ရေဘေး ရုတ်တရက် ချက်ချင်းဆိုသလို ဖြစ်လာတယ်။ နောက်ဆုံး ကျနော်တို့ Campaign တွေ ရပ်နားပြီးတော့ ကျနော်တို့ ကိုယ်တိုင်ကလည်း စစ်ရှောင်တွေနဲ့ ပတ်သက်ပြီး အရင်ကတည်းက ထဲထဲဝင်ဝင်လုပ်ခဲ့တော့ အခု Campaign တွေ ရပ်နားထားပြီးတော့ ရေဘေးအတွက် ပြန်လုပ်နေတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

လွိုင်ကော် Local PDF သည် ယခင် ကရင်နီတပ်ပေါင်းစု (KRU) မှ တပ်ဖွဲ့ဝင်များ သဘောထားမတိုက်ဆိုင်မှုကြောင့် ပြောင်းလဲဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ရေပြန်ကျသည့်အချိန်တွင် ကရင်နီပြည် နေရာအနှံ့အပြား၌ စစ်ရေးပြန်လည်ဖော်ဆောင်သွားမည်ဟု ဆိုသည်။

လွိုင်ကော်မြို့နှင့် မြို့ပေါ်ရပ်ကွက်များတွင် တိုင်းထွာချက်များအရ ရေ ၂ ပေခန့် ကျလာသော်လည်း စိုးရိမ်ရေမှတ်အဖြစ် ကျန်ရှိနေသေးသည်ဟု ဒေသခံတို့က ပြောဆိုကြသည်။

NMG ပေးပို့သည်။