ရိက္ခာပို့တဲ့ စစ်ကောင်စီယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ပြီး စစ်ကား ၄ စီးကို ဖျက်ဆီးနိုင်ခဲ့ဟုဆို

0
308

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားမှာရှိတဲ့ ငွေတောင်ရွာသစ်ကျေးရွာအနီးမှာ ဖရူဆိုဘက်ကို ဦးတည်လာတဲ့ စစ်ကောင်စီရဲ့ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကား ၄ စီးကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ ဒီးမော့ဆို PDF (အမှတ် ၁၁၀၆) တပ်ရင်းမှ တပ်ရေးအရာရှိက ပြောသည်။

တပ်ရေးအရာရှိကိုလင်းယုန်က “ကျနော်တို့ စစ်ကြောင်းကနေ ဖျက်ဆီးနိုင်ခဲ့တာက ၂၀၂၃၊ ၁၁ လပိုင်း ၅ ရက်နေ့ မနက်မှာ ဒီးမော့ဆိုဘက်ကနေ ဖရူဆိုဘက်ကိုဆင်းလာတဲ့ ရိက္ခာယာဉ်တန်းထဲက ယာဉ် ၄ စီး လောက်ကို ဖျက်ဆီးနိုင်ခဲ့ပြီး၊ ၁ စီးကိုတော့ မီးရှို့နိုင်ခဲ့ပါတယ်” ပြောပါသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၅ ရက်နေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီရဲ့ ရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက် ခဲ့တာဖြစ်ပြီး၊ စစ်ကား ၁၀ စီးပါတဲ့ ယာဉ်တန်းထဲက ၄ စီးကို ဖျက်ဆီးနိုင်ခဲ့ကြောင်းနဲ့ အဆိုပါတိုက်ပွဲမှာ စစ်ကောင်စီဘက်မှ ၅ ဦး သေဆုံးပြီး ၆ ဦး ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ၎င်းက ဆက်ပြောသည်၊

စစ်ယာဉ်တန်းအားလုံးကို မီးရှို့ဖျက်ဆီးဖို့ ကြိုးစားခဲ့ပေမဲ့ စစ်ကောင်စီဘက်က လက်နက်ကြီး အဆမတန် အသုံးပြုခဲ့တာကြောင့် ပြန်နောက်ဆုတ်လိုက်ရပြီး စစ်ကောင်စီက ကျန်စစ်ကားတွေကို ပြန်ဆွဲယူသွားတယ်လို့ ၎င်း၏ပြောဆိုမှုအရ သိရသည်။

လက်ရှိမှာတော့ အဲဒီနေရာမှာ နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေ ရှိနေဆဲဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်ရေးဇုံအတွင်း လှုပ်ရှားသွားလာခြင်း မပြုကြဖို့လည်း တော်လှန်ရေးတပ်ဖွဲ့တွေက တောင်းဆိုထားသည်။

“အခုလက်ရှိ အခြေအနေမှာလည်း နှစ်ဖက်စလုံးက စစ်ရေးလှုပ်ရှားမှုတွေ ရှိနေဆဲပါ။ အသေးစိတ်တော့ ပြောလို့ မရသေးဘူးပေါ့နော” လို့ ကိုလင်းယုန်က ဆိုသည်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့မှာလည်း ဖရူဆိုကနေ လွိုင်ကော်ဘက်ကို ဦးတည်တဲ့ ကားအစီးရေ ၅၀ ခန့်ရှိတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

ဒါ့အပြင် နို၀င်ဘာလ ၃ ရက်နေ့မှာလည်း DMO အမှတ် ၁၁၀၆ ဒရုန်းတပ်ဖွဲ့ (Battle Wing Drone ) က စစ်ကောင်စီတပ်စွဲတဲ့ နေရာတွေကို ဒရုန်းဗုံးသီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က သေဆုံးမှု ရှိခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက ပြောဆိုသည်။

ကန္တာရဝတီတိုင်း(မ်)-ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here