ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့ပေါ်ရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေ အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ရသေ့တောင်မြို့ပေါ်တွင် မေယုရတနာစစ်ဘေးရှောင်စခန်း၊ အလိုတော်ပြည့်ဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်း၊ ဗောဓိပါလ စစ်ဘေးရှောင်စခန်းနှင့် မြို့ဦးဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းများအပါအဝင် စခန်းစုစုပေါင်း (၂၄) ခုတွင် လူဦးရေ နှစ်သောင်းကျော်ခန့်ရှိပြီး ယင်းစစ်ဘေးရှောင်များအနေဖြင့် ပြီးခဲ့သည့်မတ်လမှစတင်ကာ ရေရရှိမှုအတွက် အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်ဟု မေယုရတနာ စခန်းတာဝန်ခံမှ ပြောဆိုသည်။
မေယုရတနာစစ်ဘေးရှောင်စခန်းမှ စစ်ဘေးရှောင်တစ်ဦးက ၄င်းတို့စခန်းတွင် သောက်သုံးရေ လုံလောက်စွာ မရသည့်အပြင် ရေသန့်ဝယ်သောက်ရန် ငွေကြေးမတတ်နိုင်၍ စခန်းအတွင်းရှိ ဝမ်းရောဂါ ဖြစ်ပွားမှုမကြာခဏရှိနေကြောင်း ပြောသည်။
“အရင်တုန်းကတော့ ကန်တော်ကြီးကနေ ရေပေးတာပါ။ အခုက အဲဒီကန်မှာ ရေကုန်နေတော့ ရက်ခြားပြီးပေးတယ်လေ။ သူတို့ မပေးတော့တဲ့အချိန်မှာ မြို့ပေါ်က လူတွေကတော့ ဝယ်သုံးတာပေ့ါ။ ကျနော်တို့ကတော့ မဝယ်နိုင်ဘူး။ ရေက ရတဲ့ရေကို သောက်ရတယ် သုံးရတယ်ဆိုတော့ တချို့တွေက မကြာခဏ ဝမ်းရောဂါတွေ ဖြစ်ပါတယ်” ဟု ဆိုသည်။
ရသေ့တောင်မြို့ပေါ်တွင် တစ်မြို့လုံးအား ရေပေးနေသည့် ကန်တော်ကြီးရေမှာ ရေအနည်းငယ်သာ ကျန်တော့၍ ရေကို အချိန်နှင့် ရက်ခြားပေးနေရသည့်အပြင် ရေပေးသည့်အခါတွင်လည်း လုံလောက်သည့်အနေအထားမဟုတ်၍ အခက်အခဲကြုံနေရခြင်းဖြစ်ကြောင်း စစ်ဘေးရှောင်များက ဆိုကြသည်။
ဗောဓိပါလဘုန်းတော်ကြီး စစ်ဘေးရှောင်စခန်းတာဝန်ခံက “ရေကိုတော့ ဝယ်ရပါတယ်။ စခန်းတွေက လူတွေကလည်း ဟိုက ဒီက သွားသယ်ကြရတယ်။ လူပေါင်းနှစ်ရာကျော်လောက်ရှိတော့ဘုန်းကြီးကျောင်းတွင်းက ကန်ကလည်း လိုက်မမီဘူးပေါ့။ ကန်ကငယ်တာကိုး။ ကန်ကတော့ အကြီး တစ်ကန်လောက်တော့ လိုတာပါ။ အရင်နှစ်က ခုလောက် မဖြစ်ပါဘူး။ အခုနှစ်က ရေက ပိုခက်ခဲတာပေါ့” ဟု ဆိုသည်။
ရသေ့တောင်မြို့နယ်တစ်ခုလုံးတွင် စစ်ဘေးရှောင်စခန်း (၃၀) ခန့်ရှိပြီး စစ်ဘေးရှောင် သုံးသောင်းခန့်ရှိသည်ဟု စစ်ဘေးရှောင်အရေး လူပ်ရှားနေသူများက ပြောသည်။
ယင်းအနက် မြို့ပေါ်တွင် စစ်ဘေးရှောင်အများစု ခိုလှုံနေကြခြင်းဖြစ်ကြောင်း သိရသည်။
ဌေးဌေးအောင်(နိရဥ္စရာ) – ပေးပို့သည်။

