ရမ်းဗြဲတွင် သွေးအလှူရှင်ရှာမရလို့ အရေးပေါ်လူနာများ အခက်အခဲကြုံတွေ့နေ

By MPM 11 ဖေ‌ဖော်ဝါရီ, 2025 👁 4

ရခိုင်ပြည်၊ ရမ်းဗြဲကျွန်းရှိ ရမ်းဗြဲမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်က ကျေးလက်ဒေသတို့တွင် သွေးအလှူရှင် ရှာရခက်သဖြင့် အရေးပေါ်လူနာများမှာ ကျန်းမာရေးကိစ္စတွင် အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

စစ်ကောင်စီက လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ယင်းဒေသရှိ ဆေးရုံ၊ ဆေးခန်းများတွင် အရေးပေါ်လူနာများအတွက် ဆေးဝါးနှင့် သွေးလိုအပ်ချက်ကို ရင်ဆိုင်နေရခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောသည်။

“ခွဲစိတ်ရမယ့် အရေးပေါ်လူနာတွေအတွက် သွေးအခက်အခဲက အမြဲတမ်းရင်ဆိုင်ရတယ်။ တခါတလေ သွေးအလှူရှင်မရှိလို့ လူနာကို သုံး၊ လေးရက် စောင့်ဆိုင်းရတာမျိုး ရှိတယ်။ အဲဒီလိုအခါမျိုးဆို ကုသမှု နောက်ကျလို့ လူနာအတွက် မလိုလားအပ်တဲ့ ဆိုးကျိုးတွေကိုလည်း မကြာခဏကြုံရတတယ်” ဟု ရမ်းဗြဲမြို့နယ်မှ သူနာပြုအမျိုးသမီးတစ်ဦးက ပြောသည်။

အလားတူကျောက်ဖြူမြို့နယ်က ကျေးလက်ဒေသများတွင်လည်း ဆေးဝါးနှင့်အတူ သွေးလိုအပ်ချက်ပါ ရင်ဆိုင်နေရပြီး အရေးပေါ်ခွဲစိတ်ရမည့် လူနာများကို အချိန်မီကုသရေးအတွက် အခက်အခဲရှိနေကြသည်ဟု ပြောဆိုကြသည်။

လတ်တလောတွင် ယင်းအခက်ခဲများကိုဖြေရှင်းရန် လူမှုရေးတက်ကြွလှုပ်ရှားသူများက သွေးအလှူရှင်များကို ရှာဖွေ၍ ကူညီမှုများရှိသော်လည်း လူနာရှင်အားလုံး အားထားရမည့် သွေးလှူရှင်အသင်းအဖွဲ့မျိုး ဖြစ်မြောက်ရန် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။

“အဓိကတော့ အုပ်စုအဆင့်ရှိတဲ့ကျေးရွာတွေနဲ့ တိုက်နယ်အဆင့်တွေမှာ သွေးလှူရှင်အသင်းတွေ ရှိထားမယ်ဆိုရင် ဒီပြဿနာတွေဟာ အတော်လေးအဆင်ပြေမယ်။ ဒါပေမဲ့ ဒီကာလမှာ လူတိုင်းက အခက်ခဲကိုယ်စီနဲ့ ရုန်းကန်နေ ရတာ ဆိုတော့ သူများကို ကူညီနိုင်ဖို့အရေးထက် ကိုယ့်အရေးကိုတောင် မနည်းဖြေရှင်းနေရတယ်။ ဆိုတော့ ဒီလို သွေးအလှူရှင်အသင်းအဖွဲ့တွေ ဖြစ်လာဖို့က မနည်းကြိုးစားမှဖြစ်မှာပါ” ဟု ကျောက်ဖြူဒေသခံ သွေးအလှူရှင် အမျိုးသားတစ်ဦးက ပြောသည်။

ရမ်းဗြဲကျွန်းတွင် ရမ်းဗြဲနှင့် ကျောက်ဖြူ မြို့နယ် ၂ ခု ရှိပြီး ယင်းအထဲမှ ရမ်းဗြဲမြို့နယ်တစ်ခုလုံးကို အာရက္ခတပ်တော် (AA) က ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး လက်ရှိ ကျောက်ဖြူမြို့နယ်တွင်လည်း ကျေးလက်နယ်မြေအများစုကို AA က ထိန်းချုပ်ထားသည်။

သိုသော်လည်း ရမ်းဗြဲကျွန်းရှိ ပင်လယ်ပြင်ဧရိယာတလျှောက်ကို စစ်ကောင်စီ၏ စစ်သင်္ဘောများက နေရာယူထားပြီး ဆေးဝါး၊ ရိက္ခာများကိုလည်း ဖြတ်တောက်ပိတ်ဆို့ထားသောကြောင့် ကျွန်းပေါ်က ဒေသခံများမှာ ကျန်းမာရေးဆိုင်ရာ အခက်အခဲနှင့် စားဝတ်နေရေး အကျပ်အတည်းများကို ဆိုးဝါးစွာ ရင်ဆိုင်နေကြရသည်။

အောင်ထိန် (DMG )ပေးပို့သည်။