သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) တို့ကြားတိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
အောက်တိုဘာ ၂၂ ရက် မွန်းတည့် ၁၂ နာရီခန့်မှစတင်ကာ ကျောက်ဂူ–အင်တော လမ်းမကြီးပေါ်နှင့် ကျိုင်းခမ်းဘက်သို့ခွဲထွက်သည့်လမ်းဆုံအနီး ၁၈မိုင် ကျိုင်းခမ်းဝန်ကျင်တွင် စစ်ကော်မရှင်တပ်နှင့် RCSS တို့ နှစ်ဘက်တိုက်ပွဲပြင်းထန်နေကြောင်း RCSS/SSA နှင့် နီးစပ်သူ အမျိုးသားတဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“စစ်တပ်က တပ်အင်အားဖြည့်ပြီး သျှမ်းတပ်ရှိရာဘက်ကို ချဉ်းကပ်လာလို့ သေနတ်သံတွေ ပြင်းပြင်းထန်ထန် ထွက်ပေါ်လာတာပါ။ တိုက်ပွဲက နေ့လည် ၁၂ နာရီကတည်းက ညနေ ၅ ကျော်ထိပဲ တောက်လျှောက်ဖြစ်နေတာ” ဟု RCSS/SSA နှင့် နီးစပ်သူအမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါတိုက်ပွဲဖြစ်ပွားသည်နေရာနှင့် ရပ်စောက်မြို့သည် ၂၂ မိုင်ခန့်အကွာဝေးပြီး ဇော်ဂျီဆည်အနီးတွင် ဖြစ်ပွားနေကြောင်း RCSS/SSA နှင့် နီးစပ်သူအမျိုးသားတဦးကဆက်ပြောသည်။
“စစ်တပ်က ကျနော်တို့ရှိရာဘက်ကို တက်လာမယ်ဆိုရင် ကြိုတင်အကြောင်းကြားသင့်တယ်။ သူတို့က ကြိုတင်အကြောင်းမကြားဘဲ တက်လာတာကြောင့် တိုက်ပွဲဖြစ်သွားတာပါ။ အခုတော့ စစ်ကောင်စီတပ်နဲ့ ကျနော်တို့ RCSS တပ်ဖွဲ့နှစ်ဖက်စလုံး အင်အားဖြည့်ထားကြပြီ။ စစ်ကောင်စီတပ်က ဘယ်တပ်ရင်းဖြစ်တယ်ဆိုတာတော့ အတိအကျ မသိရသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။
လက်ရှိတိုက်ပွဲဖြစ်ပွားနေရာသည့် အကြောင်းရင်း၊ နှစ်ဖက်တပ်ဖွဲ့များ၏ ထိခိုက်သေဆုံးမှုနှင့် ဒေသခံများအပေါ် သက်ရောက်မှုတို့ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး RCSS/SSA ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
RCSS/SSA သည် တနိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေးဆိုင်ရာ သဘောတူညီချက် (NCA) ကို အလေးထားသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
NCA (၁၁) နှစ်ပြည့် အစည်းအဝေးတွင်လည်း NCA အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်သည် ထိရောက်မှုမရှိတော့သဖြင့် ပြန်လည်သုံးသပ်သင့်ကြောင်း ပြောဆိုခဲ့သည်။
သျှမ်းသံတော်ဆင့်