ပဋိပက္ခနှင့် စစ်ဘေးဒဏ်ခံနေရသည့် ရခိုင်ပြည်အပါဝင် မြန်မာနိုင်ငံက အမျိုးသမီးများအတွက် ကုလသမဂ္ဂ လူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ကနေ ယူရို ၁ ဒသမ ၃ သန်းဖိုးရှိ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
UNFPA ၏ မေလ ၂၁ ရက်က ထုတ်ပြန်ချက်အရ ပဋိပက္ခဒဏ် ခံစားနေရသည့် မြန်မာအမျိုးသမီးနှင့် မိန်းကလေးငယ်ဦးရေ ၈၄,၄၇၁ အတွက် အကူညီရောက်ရှိနိုင်ရန် မျှော်မှန်းထားကြောင်း ဆိုသည်။
အဆိုပါ အထောက်အပံ့ကို ဥရောပသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးရေးအဖွဲ့မှ ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်း ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအတွက် အသက်ကယ်ဆယ်ရေးဆိုင်ရာ မျိုးပွားကျန်းမာရေး၊ ကျား၊ မ အခြေပြုအကြမ်းဖက်မှု တုံ့ပြန်ဆောင်ရွက်ရေး၊ စိတ်ကျန်းမာရေးနှင့် လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု ဝန်ဆောင်မှုများကို မြှင့််တင်ပေးရန် ၁၂ လတာ စီမံကိန်း စတင်ဆောင်ရွက်မည်ဟု သိရသည်။
မြန်မာနိုင်ငံဆိုင်ရာ UNFP ဌာနေကိုယ်စားလှယ် ဂျေမီနာဒယ် ရွိုက်ဂ်က “ပဋိပက္ခဒဏ်ခံစားနေရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ဘေးကင်းပြီး လျှို့ဝှက်မှုကို အာမခံချက်ရှိတဲ့ စောင့်ရှောက်မှုကို အချိန်မီရရှိဖို့က အသက်ရှင်သန်ရေးနှင့် သေဆုံးခြင်းကြားက ခြားနားချက် ဖြစ်သွားနိုင်ပါတယ်။ ဒီပံ့ပိုးကူညီမှုက အရေးပေါ်လိုအပ်ချက်တွေ ရှိနေသေးတဲ့ လူထုအသိုက်ဝန်းတွေမှာ ကျန်းမားရေး၊ ဘေးကင်းလုံခြုံရေး၊ ဂုဏ်သိက္ခာနဲ့ အေးချမ်းသာယာမှုကို UNFPA နဲ့ မိတ်ဖက်အဖွဲ့စည်းတွေက ထောက်ပံ့ပေးနိုင်ဖို့ အားဖြည့်ပေးပါတယ်” ဟု ဆိုသည်။
အဆိုပါ စီမံကိန်းကို ရခိုင်ပြည်၊ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ပဲခူးတိုင်း (အရှေ့ပိုင်း) စသည့် နေရာများတွင် အကောင်ထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
ကူညီထောက်ပံ့မှု ရရှိမည့်သူများမှာ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု၊ မိသားစု စီမံကိန်း၊ အကြမ်းဖက်မှုဒဏ် ခံရသူများအတွက် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှု၊ လူမှုစိတ်ပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု၊ မျိုးပွားကျန်မာရေး ဆိုင်ရာ ပစ္စည်းကိရိယာများ၊ အရေးပေါ် ကာကွယ်စောင့်ရှောက်ရေးနှင့် ကျန်းမာရေး လိုအပ်ချက် ရှိသူများကို ငွေသား ပံ့ပိုးကူညီမှုများ ပါဝင်မည် ဖြစ်သည်။
ထို့အတူ အာဏာသိမ်းစစ်တပ်က လမ်းခရီး ပိတ်ဆို့မှုများနှင့် အင်တာနက်လိုင်းပြတ်တောက်မှုများကြောင့် ရခိုင်ဒေသမှ စစ်ဘေးရှောင်များမှာ နိုင်ငံတကာအဖွဲ့အစည်းများအပါဝင် ဒေသတွင်း လူမှုကူညီရေး အသင်းများမှ ကူညီထောက်ပံ့မှုများ ရရှိမှုနည်းပါးနေကြသည်။
ထို့အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုခံထားရသည့် ရခိုင်ဒေသတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ပြည်သူများ အလူးအလဲ ခံစားနေရပြီး၊ ယင်းအထဲတွင် စစ်ဘေးရှောင်များမှာ ပိုပြီး ခက်ခဲလာနေကြောင်းပြောကြသည်။
လက်ရှိ စစ်ဘေးရှောင်များမှာ ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်နှင့် အလုပ်အကိုင်ရှားပါးမှုကြားတွင် ကြုံရာကျပန်း လုပ်ကိုင်ပြီး၊ တစ်ရက်ဝင်ငွေ မလောက်ငှသည့် အခြေအနေကြောင့် စားဝတ်နေရေး ခက်ခဲနေကြသည်ဟု ဆိုသည်။
ကျောက်တော်မြို့ ရထားဘူတာ စစ်ဘေးရှောင်စခန်းနေ ဒေါ်လှသာအေးက “အရင်တုန်းက ဆီ ၁,၀၀၀ ဖိုး ဝယ်တဲ့ အခြေအနေမှာ အခု ၅၀၀ ဖိုးပဲ ဝယ်နိုင်တယ်။ ကြက်သွန်ဆိုရင်လည်း အရင်တုန်းက ၂ လုံးလောက် ထည့်နိုင်တဲ့ နေရာမှာ အခုဆိုရင် တစ်စိပ်လောက်ပဲ ထည့်နိုင်တယ်။ ဟင်းချိုမှုန့်ဆိုရင်လည်း အရင်လို မထည့်ရဲတော့ဘူး။ ဒီလို ဒုက္ခအမျိုးမျိုးကြံနေရတယ်” ဟု ပြောသည်။
ယင်းအပြင် မြန်မာနိုင်ငံအတွင်း အခြားဒေသက အမျိုသမီးများမှ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် စစ်ရေး ပဋိပက္ခများကြားတွင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကို ခံစားနေကြရသည်။
အခြေခံစားသောက်ကုန်ဖြစ်သည့် ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် စသည့် ဈေးနှုန်းများ မြင့်တက်နေသည့် အခြေအနေတွင် သားသမီးမုန့်ဖိုးနှင့် မိသားစုတစ်ရက်တာ အသုံးစရိတ်ကို ချင့်ချိန်၍ စီမံနေရကြောင်း စစ်ဘေးရှောင်များက ပြောသည်။
ထို့အတူ မြန်မာနိုင်ငံအနှံ့က စစ်ဘေးရှောင်စခန်းများတွင်လည်း လူသားချင်းစာနာမှု အကူအညီများ ရရှိမှု နည်းပါးသဖြင့် နေထိုင်စားသောက်ရေးနှင့် အသက်ရှင်သန်ရေးတွင် များစွာ ထိခိုက်စေကြောင်း ပြောဆိုကြသည်။
DMG