ရခိုင်ရှိစစ်ဘေးရှောင်များ ထောက်ပံ့ကူညီမှုတွေမရတာကြောင့် စားသောက်နေထိုင်ရေးအလွန်ခက်ခဲနေဟုဆို

0
431
ပုံစာ - ရခိုင်စစ်ဘေးရှောင်များ စားသောက်နေထိုင်ရေး အလွန်ခက်ခဲနေကြသည်။

ရခိုင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ပြင်ပမှထောက်ပံ့ကူညီမှုများ မရရှိတာကြောင့် စားသောက် နေထိုင်ရေး အလွန်ခက်ခဲနေပြီး ငတ်နေသူတချို့တောင် ရှိလာနေသည်ဟု ကာယကံရှင် စစ်ဘေးရှောင်များက ပြောဆိုသည်။

ရသေ့တောင်မြို့၊ ဓမ္မာရုံစစ်ဘေးရှောင်စခန်းမှ မဆန်းဆန်းနုက “အပြင်မှာ ထွက်လုပ်ရအောင်လည်း အမြဲတမ်း မလုပ်ရဘူး။ လူတွေက ငတ်နေကြပြီ။ WFP က ရတဲ့ငွေနဲ့ ဆန်ဝယ်တယ်၊ အနီးအနားက ဟင်းခူးစားတယ်။ အဝေးလည်း မသွားရဲဘူး။ နေရတာကလည်း ၉ ပေပတ်လည်အခန်းကျဉ်းမှာ တစ်မိသားစုနေရတယ်။ နေရထိုင်ရတာလည်း ကျပ်တည်းတယ်။ လေကောင်းလေသန့် မရဘူး။ စားနပ်ရိက္ခာအတွက် ဖူလုံမှုရှိဖို့ အဓိက လိုချင်ပါတယ်” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းကို ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလတွင် ရ‌သေ့တောင်မြို့ အရှေ့မြောက် ရပ်ကွက်ရှိ ဓမ္မာရုံကျောင်းတိုက်၌ တည်ထောင်ထားခြင်း ဖြစ်သည်။

ယင်းစစ်ဘေးရှောင်စခန်းတွင် ရသေ့တောင့်မြို့နယ်မှ ထီးစွဲ၊ ကျောက်တန်း၊ အောင်မြေကုန်းနှင့် သောင်းဒရားရွာ စသည့် ကျေးရွာ ၇ ရွာခန့်မှ စစ်ဘေးရှောင်လာသည့် အိမ်ထောင်စု ၁၈၁ စု၊ စုစုပေါင်းလူဦးရေ ၅၈၇ ဦး ခိုလှုံ နေထိုင်ကြောင်း သိရသည်။

ရသေ့တောင်မြို့ရှိ ဓမ္မာရုံစစ်ဘေးရှောင်စခန်းတွင် WFP (ကမ္ဘာစားနပ်ရိက္ခာအစီအစဉ်) က လစဉ် ထောက်ပံ့ကြေးငွေ တစ်ဦးလျှင် ကျပ်ငွေ ၃၃,၀၀၀ ကျပ်သာ ရရှိတာကြောင့် ဆန်တစ်မျိုးသာ ဝယ်စားနိုင်သည်ဟု ထိုစခန်းတွင်နေထိုင်သူ မဆန်းဆန်းနုက ဆက်ပြောသည်။

အလားတူ မြောက်ဦးမြို့ရှိ မြို့ဦးခေါင်း စစ်ဘေးရှောင်စခန်းတွင်လည်း ယခုနှစ် အစောပိုင်းကတည်းက WFP က လစဉ်ထောက်ပံ့ကြေးငွေ တစ်ဦးလျှင် ၃ သောင်းကျပ်သာ ရရှိပြီး တခြားမည်သည့်အဖွဲ့အစည်းများမှ တစုံတရာ ထောက်ပံ့ကူညီမှု မရရှိသည့်အတွက် စားသောက်နေထိုင်ရေးအတွက် အခက်ခဲဖြစ်နေကြသည်ဟု စစ်ရှောင်များက ပြောဆိုသည်။

ယင်းစစ်ဘေးရှောင်စခန်း တာဝန်ခံ ဦးမောင်မောင်သိန်းက “စာရေးသောက်ရေးတွေ ကျပ်တည်းတာပေါ့။ မဖူလုံလို့ အချင်းချင်း ချေးငှားပြီး စားရတယ်။ အလုပ်တွေက ရှားတော့လေ နေ့တိုင်းလည်း အပြင်ထွက်ပြီး မလုပ်ရဘူး” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင်စခန်းတွင် မြောက်ဦးမြို့မှ ဝေသာလီ၊ ပေါက်တောပြင်၊ အုတ်ဖိုကန်၊ သရက်အုပ်၊ ရွာဟောင်းတောရွာတို့ အပြင် ကျောက်တော်မြို့မှ ပြိုင်းတိုင်း၊ အောင်သာယာ၊ တောင်ပွယ်၊ တင်းမ ကျေးရွာတို့မှ စစ်ဘေးရှောင်လာသည့် အိမ်ထောင်စု ၁၆၀ ရှိပြီး စုစုပေါင်းလူဦးရေ ၆၇၃ ဦး ခိုလှုံနေထိုင်ကြသည်ဟု ၎င်းက ပြောသည်။

ထို့အတူ ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်း စစ်ဘေးရှောင်စခန်းတွင်လည်း အလုပ်အကိုင် ရှားပါးမှုကြောင့် စားဝတ်နေရေး မဖူလုံဖြစ်တာကြောင့် ချေးဝယ်ရပြီး အကြွေးများ ဝိုင်းဝိုင်းလည်နေသည်ဟု ထိုစခန်းတွင် နေထိုင်သည့် ဒေါ်သန်းမေက ပြောပါသည်။

“လစဉ်ကြေး WFP ၃ သောင်း ရတာလေးနဲ့ စားနေရတာ လိုက်လို့မမှီတော့ ရင်းနှီးတဲ့ သူတွေဆီက အကြွေးဝယ်တယ်။ ပြန်မဆပ်နိုင်ရင် အပြောခံရတယ်။ သဘောထားချင်း မျှတတဲ့သူတွေဆို မပြောဘူးပေါ့။ စောင့်ပေးကြတယ်။ ကားတစ်စီးဝင်လာရင် လှူဖို့လာတာလားဆိုပြီး ပျော်သွားတာမျိုးတွေ ရှိတယ်”ဟု ဒေါ်သန်းမေက ပြောသည်။

အဆိုပါစခန်းတွင် အိမ်ထောင်စု ၇ဝ၂ စုနှင့် လူဦးရေ ၃ ထောင်ကျော်ရှိသည်ဟု သိရပြီး စစ်ဘေးရှောင်များအနေဖြင့် စခန်းပြင်ပသို့ထွက်၍ အလုပ်လုပ်မည်ဆိုပါက အလုပ်အကိုင် အလွန်ရှားပါးသည့်အတွက် ရေရှည်တွင် အငတ်ဘေးများ ကြုံတွေ့ရနိုင်သည်ဟု စစ်ရှောင်များက ပြောကြသည်။

၂ဝ၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်းတွင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့မှုများကို စစ်ကောင်စီက ရပ်ဆိုင်းလိုက်ပြီး နိုင်ငံတကာအဖွဲ့များမှ သွားရောက်ထောက်ပံ့ခွင့်များကိုလည်း ကန့်သတ်ပိတ်ပင်ခဲ့သည်။

ရပ်ရွာအနီးနှင့် တောတောင်တို့တွင် စစ်ကောင်စီက မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်ပစ္စည်းများကို ရှင်းလင်းပေးမှုမရှိခြင်း၊ ရပ်ရွာများအနီး စစ်ကောင်စီတပ်စခန်းများ တပ်စွဲနေထိုင်လျက်ရှိခြင်းနှင့် လုံခြုံမှု အာမခံချက်မရှိ၍ ရခိုင်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်ဦးရေ ၆ သောင်းခန့် ရှိနေသေးသည်ဟု ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောဆိုထားသည်။

နိရဥ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here