ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စက်တင်ဘာလ ၁၂ ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုကြောင့် ရခိုင်ပြည်နယ်တွင် သေဆုံးခဲ့ရသူ ၃၁၁ ဦး အထိရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာ ၁၂ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
AAPP ကသတင်းထုတ်ပြန်ချက်တွင် မြန်မာတနိုင်လုံး၌ သေဆုံးခဲ့သူစုစုပေါင်း ၁,၃၆၂ ဦးရှိခဲ့ရာတွင် ထိုအထဲ၌ ရခိုင်ပြည်မှ သေဆုံးသူ ၃၁၁ ဦး ပါဝင်ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်နယ်မှ သေဆုံးသူ ၃၁၁ ဦး ပါဝင်ပြီး သေဆုံးရသည့် အကြောင်းအရင်းတွင် ၁၀၈ ဦးသည် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး ၉၉ ဦး သည် လက်နက်ကြီးနှင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယ အများဆုံးသေဆုံးခဲ့ရသည်ဟု AAPP က ဆိုသည်။
တခြားသေဆုံးရသည့် အကြောင်းအရင်းများထဲတွင် စစ်တွေ၊ ဗျိုင်းဖြူရွာကဲ့သို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများလည်း ပါဝင်သည်ကိုလည်း စုံစမ်းသိရှိရသည်ဟု ဆိုပါသည်။
စက်တင်ဘာလ ၈ ရက်နေ့၊ ညနေ ၆ နာရီကျော်တွင် စစ်ကောင်စီအုပ်စုက ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေးရွာရှိ အာရက္ခတပ်တော် (AA) က စစ်သုံ့ပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသည့်နေရာအား ဂျက်တိုက်လေယာဉ်ဖြင့် နှစ်ကြိမ် ဗုံးကြဲချ တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၁၇ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများအထဲတွင် ဦးစောသန်းမောင်၊ မလှစောခင်၊ ဦးစောညီညီ (ခ) တောင်မင်း၊ ဦးကျော်သာမောင်၊ ကိုဘုန်းမြတ်ပိုင်၊ ကိုမောင်သိန်းထွန်း (ခ) ငမဲခေါင်၊ ဦးသိန်းထွန်းအောင်၊ ဦးကျော်ဝင်းမောင်၊ အသက် ၁၄ နှစ်အရွယ် မောင်ဝေယံဖြိုး၊ အသက် ၁၇ နှစ်အရွယ် မောင်စိုးမင်းအောင်တို့နှင့်အတူ စစ်သုံ့ပန်း ၇ ဦး အပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း AAPP ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာတစ်နိုင်လုံးတွင် သေဆုံးသူ စုစုပေါင်း ၁,၃၆၂ ဦးတွင် အမျိုးသမီး ၄၅၁ ဦးနှင့် အမျိုးသား ၉၁၁ ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု AAPP က ဖော်ပြထားသည်။
ယင်းတို့ထဲတွင် အသက် ၁၈ နှစ်အောက် သေဆုံးသူ ၁၇၉ ဦးနှင့် အသက် ၆၀ နှစ်အထက် သေဆုံးသူ ၁၆၅ ဦး ပါဝင်သည်ဟု AAPP က ဆိုသည်။
နိရဉ္စရာ ပေးပို့သည်။