ရခိုင်ပြည်နယ် တောင်ကုတ်တွင် ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ

By MPM 19 အောက်တိုဘာ, 2026 👁 45

ရခိုင်ပြည် တောင်ကုတ်မြို့နယ်အတွင်းမှာ ဆန်ပြတ်လပ်မှုနှင့် ရင်ဆိုင်နေကြရပြီး ဒေသခံများနှင့် စစ်ဘေးရှောင်များ၏ စားဝတ်နေရေးအပေါ် ရိုက်ခတ်မှုများရှိနေကြသည်ဟု ဒေသခံများနှင့် စစ်ရှောင်အရေး ကူညီနေသူများထံက သိရသည်။

တောင်ကုတ်မြို့နယ်က ကျေးရွာများတွင် ဆန်ကို လိုအပ်သလောက် ဝယ်ယူ၍ မရရှိသလို၊ အချို့ကျေးရွာများတွင် အခြားရွာနှင့် စစ်ဘေးရှောင်များသို့ လှူဒါန်းမှုပြုလုပ်မည့်  ဆန်ဝယ်ယူခွင့်များကို ပိတ်ပင်ထားကြသည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်ဟုလည်း ဒေသခံများက ပြောသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်အတွင်းက ဆန်စက်များတွင် ဆန်ဝယ်ယူရန် ကြိုတင်အော်ဒါမှာယူမှသာ အကန့်အသတ်ဖြင့် ဝယ်ယူရသည့်အတွက် ဒေသတွင်းက စစ်ဘေးရှောင်များကို ကူညီပေးနိုင်ဖို့ကအစ အခက်ခဲ ရှိနေကြသည်ဟု စစ်ရှောင်အရေး ကူညီပေးနေသူများက ပြောသည်။

စစ်ရှောင်အရေး အကူညီပေးနေသူတစ်ဦးက “ဆန်တွေက အရမ်းရှားပါးနေပြီ။ ဆန်လှူမယ်ဆို ဆန်စက် ၃ ခု၊ ၄ ခုလောက်က မှာရတယ်။ အချို့ ဆန်စက်တွေဆို လုံးဝမရှိဘူး။ လုံးဝ ပြတ်လပ်နေတဲ့ အနေအထားရှိတယ်။ ကြိုတင်ပြီး မှာပြီးမှ ဆန်တွေကို ဝယ်လို့ရတာ။ ဆန်ရှားပါးမှု ပြဿနာရှိတယ်” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်အတွင်းမှာ ကျောက်ဖြူမြို့နယ်နှင့် သံတွဲမြို့နယ်ဖက်က စစ်ဘေးရှောင်များ အများဆုံး ခိုလှုံနေကြသည့် မြို့နယ်တစ်ခုလည်းဖြစ်ပြီး စစ်ဘေးရှောင်ဦးရေ ထေင်နှင့်ချီ ခိုလှုံနေကြသည်။

ယင်းအပြင် တောင်ကုတ်မြို့နယ် ကျေးရွာအချို့တွင်လည်း ကျေးရွာအတွင်းက ဆန်၊ စပါးများကို ကျေးရွာတွင်း ရိက္ခာဖုံလှုံမှုရှိစေရန်အတွက် ပြင်ပကျေးရွာများကို ရောင်းဝယ်ခွင့် ပိတ်ထားကြသည်ဟုလည်း သိရသည်။

လက်ရှိတွင် တောင်ကုတ်မြို့နယ်အတွင်း ၃၂ ဗူးသာပါသည့် ဆန်ကြမ်းတစ်အိတ်ကို ကျပ်ငွေ ၁ သိန်းခွဲနှင် ၁ သိန်းခြောက်သောင်းထိ ပေါက်ဈေးရှိနေပြီး လေကြောင်းအန္တရာယ်များနှင့်အတူ စစ်ဘေးရှောင်များနှင့် ဒေသခံ အခြေခံလူတန်းစားများမှာ စားဝတ်နေရေးကျပ်တည်းမှုများနှင့် ရင်ဆိုင်နေကြရသည်။

နောက်ထပ် တောင်ကုတ်ဒေသခံ အမျိုးသားတစ်ဦးက “စစ်ရှောင်တွေနဲ့ အခြေခံ လူတန်းစားတွေက စားဝတ်နေရေး အရမ်းခက်ခဲကြတယ်။ အထူးသဖြင့် စစ်ဘေးရှောင်တွေဆို ပိုပြီးခက်ခဲကြတယ်။ အလုပ်အကိုင်က မရှိတော့ ငါးရှာ၊ ဟင်းခူးကလည်း မိသားစု စားဝတ်နေရေးကို ဘယ်လို့မှ မလုံလောက်ဘူး။ ဆန်ဈေးတွေက ခက်တော့ ပိုပြီး အကျပ်အတည်းဖြစ်တာပေါ့။ ထမင်းနပ်မှန်အောင် စားဖို့တောင် ခက်ခဲလာတာ” ဟု ပြောသည်။

တောင်ကုတ်မြို့နယ်မှာ အောက်တိုဘာ ၆ ရက်နှင့် အောက်တိုဘာ ၁၄ ရက်တို့က တောင်ကုတ်မြို့နယ်အတွင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး တောင်ကုတ်မြို့ လုံးတော်ပေါက်ရွာအနီးက စစ်ဘေးရှောင်များမှာလည်း လက်ရှိတွင် လေကြောင်းအန္တရာယ်ကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရသည်ဟု ဒေသခံများက ပြောသည်။

ရခိုင်ပြည်တွင် တိုက်ပွဲကာလတွင် လယ်သမားများအရှုံးပြီးနောက် လယ်စိုက်ပျိုးမှု လျော့ကျလာပြီး စပါးရှားပါးမှု နှင့် ရင်ဆိုင်လာရကာ စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်များမှာလည်း အမြင့်ဆုံးနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။

DMG