ရခိုင်တွင် ရေကြီးလျှံမှုကြောင့် စပါးခင်းများနှင့် သိုလှောင်ထားသည့် ဝမ်းစာစပါးများ ပျက်စီး

0
220

ရခိုင်ပြည်တွင် ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေကြီးရေလျှံမှုများကြောင့် စပါးခင်းများသာမက နေအိမ်များတွင် သိုလှောင်ထားသည့် ဝမ်းစာစပါးများလည်း ပျက်စီးသွားသည်ဟု ရခိုင်တောင်သူများက ပြောဆိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းက တောင်ကုတ်၊ သံတွဲ၊ ဂွ၊ အမ်း၊ မြေပုံ၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်းနှင့် စစ်တွေ စသည့် မြို့နယ်များတွင် မိုးအဆက်မပြတ် ရွာသွန်းနေပြီး မြေနိမ့်ပိုင်းများတွင် ချောင်းရေ၊ မြစ်ရေများဝင်ပြီး စပါးခင်းများ နစ်မြုပ်ရေလွှမ်းခံနေရသည်ဟု ဒေသတွင်း ရခိုင်တောင်သူများထံမှ သိရသည်။

ယင်းအပြင် အဆိုပါဒေသများရှိ ဒေသခံများ သိုလှောင်သိမ်းဆည်းထားသည့် ဝမ်းစာစပါးများလည်း ပျက်စီး သွားသည်ဟု တောင်ကုတ်မြို့နယ်၊ ခမောင်းချိုင်ရွာမှ လယ်သမားဦးထွန်းလင်းက ပြောသည်။

“မိုးအဆက်မပြတ်ရွာပြီး ရေတက်တော့ စပါးပင်တွေက အကုန်ရေနစ်တာပေါ့။ ရေခမ်းသွားတော့ စပါးပင် တွေက အကုန်လုံး ရွှံ့အောက်ကို ရောက်သွားပြီးတော့ အကုန်လုံး နူးအိသွားတာပေါ့။ လက်တစ်တောင်ဆစ် လောက် နစ်သွားတာကိုး။ အဲ့ဒီအပင်တွေက ဘယ်လိုမှပြန်မရှင်နိုင်တော့ဘူး” ဟု လယ်သမားဦးထွန်းလင်းက ပြောသည်။

တောင်ကုတ်မြို့ ခမောင်းချိုင်ရွာသည် လယ်ယာအလုပ်ကို အဓိက လုပ်ကိုင်စားသောက်ကြပြီး ယခုနှစ်တွင် တရွာလုံးအတိုင်းအတာဖြင့် စပါးဧက ၂၀၀ ခန့် စိုက်ပျိုးထားကြသည်ဟု ၎င်းက ဆိုသည်။

ယင်းအနက် ရေလွှမ်းမိုးခံရမှုကြောင့် စပါး ဧက ၁၀ ခန့်မှာ လက်တစ်တောင်ခန့် ရွှံ့ရေနစ်ကာ လုံးဝပျက်စီး သွားပြီး ကျန်ရှိနေသည့်စပါးဧကများမှာ ရေလွှမ်းမိုးမှု ရှိခဲ့သော်လည်း ပျက်စီးမှုဆုံးရှုံးမှု မရှိဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် ရွာတွင် သိုလှောင်ထားကြသည့် ဝမ်းစာဆန်စပါး တင်း ၅၀၀ ခန့်သည်လည်း မိုးပက်၍ ရေနစ်ပျက်စီး သွားပြီး စပါးပေါ်ချိန်မရောက်မီ စားသောက်ရေးအတွက် အခက်အခဲရှိနိုင်ကြောင်း ဦးထွန်းလင်းက ဆိုသည်။

“အခုလိုပျက်စီးသွားတော့ ဝမ်းစာအတွက် ခက်ခဲသွားတာပေါ့။ အခုအချိန်မှာ ထပ်စိုက်လို့လည်း မရတော့ဘူး။ ပျိုးပင်တွေလည်း ရှာမရတော့ဘူး။ အငှားလုပ်ခလည်း ဈေးကြီးတယ်။ မိုးစာလှောင်ထားတဲ့ စပါးတွေ ရေနစ် သွားတယ်။ စားဖို့ထားတဲ့ ဆန်တွေလည်း ရေမြုပ်သွားတယ်။ ဘေးလွတ်ရာကို အကုန်လုံး ရွှေ့ပြောင်းလို့ မရလိုက်ဘူး” ဟု ၎င်းက ပြောသည်။

အထူးသဖြင့် တောင်ကုတ်အပါအဝင် သံတွဲနှင့် အမ်းမြို့နယ်များတွင် ရေကြီးရေလျှံမှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေခြင်းဖြစ်ပြီး စိုက်ပျိုးပြီးစ စပါးပင်များ၊ လူနေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများသည် ရေလွှမ်းမိုး မှုဒဏ်ကို အဆိုးဝါးဆုံး ကြုံနေကြရခြင်း ဖြစ်သည်။

အလားတူ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်းမြို့နယ်တို့တွင်လည်း မိုးရွာသွန်းမှုကြောင့် ဒီရေများမြင့်တက်ပြီး စပါးခင်းများတွင် ဒီရေဖုံးလွှမ်းခဲ့သည့်အတွက် ၄ မြို့နယ်ပေါင်း စိုက်ပျိုးပြီးစ စပါးဧက ၁ သောင်းခန့် ပျက်စီးနိုင်သည်ဟု ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂမှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဦးအောင်ကျော်မြက ပြောသည်။

“ရေလွှမ်းမိုးပြီး စပါးတွေ ဧက ၁ သောင်းကျော်လောက် ပျက်စီးနိုင်တယ်လို့ ခန်းမှန်းထားတယ်။ ဒီနှစ်က သွင်းအားစုတွေက ဈေးကြီးတော့ အရင်နှစ်တွေကထက်လည်း စပါးတွေ လျှော့စိုက်ရတယ်။ ဝမ်းစာအတွက် လုပ်နေတဲ့အထဲ အခုလိုတွေ ဖြစ်လာတော့ ရခိုင်ပြည်မှာ ဝမ်းစာအတွက် စိုးရိမ်စရာပါပဲ” ဟု ၎င်းက ပြောသည်။

တောင်ကုတ်နှင့် သံတွဲမြို့နယ်တို့တွင် လက်ရှိ၌ ဖုန်းလိုင်းများ ပြတ်တောက်နေသည့်အတွက် စပါးဧက ပျက်စီးဆုံးရှုံးမှု အနေအထားကို အတည်မပြုနိုင်သေးဟု ဦးအောင်ကျော်မြက ဆိုသည်။

မြန်မာပြည်တစ်ဝန်း ယခုလက်ရှိဖြစ်ပေါ်နေသည့် ရေဘေးကြောင့် စပါးခင်းပျက်စီးမှုများအတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က လယ်သမားများကို ဓာတ်မြေဩဇာ၊ ဆေးနှင့် မျိုးစပါးများ ကူညီပေးမည်ဟု ကြေညာပြောဆိုထားသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here