ရခိုင်တွင် နေအိမ် ၆၀ ထက်မနည်းကို AA ချိတ်ပိတ်

By MPM 9 မတ်, 2025 👁 4

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များတွင် စစ်ကောင်စီအပါအဝင် မွတ်ဆလင် လက်နက်ကိုင်ဖွဲ့များ၏ နေအိမ်များ၊ ၎င်းတို့နှင့်ဆက်စပ်သူ စီးပွားရေးလုပ်ငန်းရှင်များ၏ နေအိမ်အဆောက်အအုံ ၆၀ ထက်မနည်းကို AA က ချိတ်ပိတ်ထားကြောင်း သိရသည်။

စုံစမ်းပြုစုထားသည့် အချက်အလက်မှတ်တမ်းများအရ မောင်တော၊ ဘူးသီးတောင်၊ မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ ဂွ နှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီတပ်၊ အခြားအကြမ်းဖက်အဖွဲ့များနှင့် ဆက်စပ်သည်ဟုဆိုကာ နေအိမ် အဆောက်အအုံတို့ကို အာရက္ခပြည်သူ့အစိုးရက ချိတ်ပိတ်ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။

အဆိုပါ ချိတ်ပိတ်စာတွင် “ဤအိမ် (သို့မဟုတ်) ဤအဆောက်အအုံသည် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအား ဆန့်ကျင်သည့် အကြမ်းဖက်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပတ်သက်ဆက်စပ်နေခြင်းကြောင့် အစိုးရပိုင်အဖြစ် သိမ်းဆည်းခြင်း” ဟု ဆိုထားသည်ဟု သိရသည်။

ထို့အတူ ချိတ်ပိတ်သည့်နေ့မှစ၍ ကျူးကျော်ခြင်း၊ ရောင်းဝယ်ခြင်း၊ နေထိုင်ခြင်းများ မပြုလုပ်ရကြောင်း သတိပေးထားပြီး လိုက်နာမှုမရှိလျှင် အရေးယူမည်ဟု ချိတ်ပိတ်စာတွင် ပါရှိသည်။

မြောက်ဦးမြို့ အလယ်ဈေးရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး ပိုင်ဆိုင်ခဲ့သည့် တိုက်အိမ်တစ်လုံးကို AA က ယခုနှစ်၊ ဇန်နဝါရီလက ချိတ်ပိတ်လိုက်ကြောင်း မြောက်ဦးဒေသခံတစ်ဦးက ပြောသည်။

အလားတူ သံတွဲမြို့တွင်လည်း စစ်ကောင်စီနှင့်ဆက်စပ်သည့် နေအိမ် ၃ ဆောင်ထက်မနည်း ချိတ်ပိတ်လိုက် ကြောင်း သိရသည်။ အလားတူ မင်းပြား၊ ဂွနှင့် ပလက်ဝမြို့နယ်တို့တွင်လည်း ယင်းသို့ချိတ်ပိတ်လိုက်ကြောင်း ဒေသခံများက ဆိုကြသည်။

ခေတ်အဆက်ဆက်၌ ဒေသခံများထံမှ လာဘ်စားခြင်း၊ မတရားသိမ်းယူခြင်းများမှ ရရှိသော အကျိုးအမြတ်များဖြင့် ဆောက်လုပ်ထားသည့် နေအိမ်များကို လက်ရှိ အစိုးရတရပ်အနေဖြင့် ချိတ်ပိတ်ခြင်းသည် သဘာဝကျသည့် လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “အာရက္ခတပ်တော်အနေနဲ့ မွတ်ဆလင်လက်နက်ကိုင်တွေပဲဖြစ်ဖြစ် စစ်ကောင်စီကိုပဲဖြစ်ဖြစ် အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတာ ရှိပါတယ်။ ဒါကြောင့် အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ပတ်သတ်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ ပြီးတော့ သူတို့နဲ့ဆက်နွယ်ပြီး အကျိုးစီးပွား ရယူခဲ့တဲ့လူတွေရဲ့ အိုးအိမ်တိုက်တာ၊ အဆောက်အအုံတွေကို ချိတ်ပိတ်တာက လုပ်သင့်လုပ်ထိုက်တဲ့လုပ်ရပ်ပဲ မြင်ပါတယ်” ဟု ပြောသည်။

ဆက်လက်၍ ဦးဖေသန်းက “ဒီလူတွေက စစ်ကောင်စီနဲ့ ပေါင်းတယ်။ မွတ်ဆလင်အကြမ်းဖက်အဖွဲ့တွေနဲ့ ပေါင်းတယ်။ ကိုယ်တိုင်ကလည်း အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်တယ်ဆိုတော့ အာဏာပါဝါနဲ့ တည်ဆောက် ခဲ့တဲ့ အကျိုးစီးပွားတွေဖြစ်တယ်။ တနည်းအားဖြင့် ပြည်သူ့ဘဏ္ဍာကို လမ်းတစ်ဝက်က ဖြတ်ယူထားတာ ဖြစ်တယ်။ မတရားသဖြင့် ရထားတဲ့ငွေမဲတွေကို ငွေဖြူအဖြစ် တိုက်တာအဆောက်အအုံတွေ ဆောက်ထားတာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူ့ဘဏ္ဍာကို ပြန်ရယူတာက အစိုးရတွေရဲ့လုပ်ရပ်ဖြစ်တယ်” ဟု ပြောသည်။

အလားတူ ဘူးသီးတောင်မြို့တွင်လည်း ARSA၊ RSO စသည့် မွတ်ဆလင်လက်နက်ကိုင် ခေါင်းဆောင်များ၊ စစ်ကောင်စီတို့နှင့် ဆက်စပ်ခဲ့သည့် နေအိမ်အဆောက်အအုံ ၁၀ ထက်မနည်း ချိတ်ပိတ်ခံထားရကြောင်း သိရသည်။

မောင်တောမြို့တွင်လည်း မွတ်ဆလင်လက်နက်ကိုင်၊ စစ်ကောင်စီတို့ ပိုင်ဆိုင်ခဲ့သည့် နေအိမ်အဆောက်အအုံနှင့် ဆက်စပ်သည့် အဆောက်အအုံပေါင်း ၄၀ ထက်မနည်း ချိတ်ပိတ်သိမ်းဆည်းထားကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။

“မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေက မကြာခဏဆိုသလို ဒေသခံတွေကို ခြုံခိုတိုက်ခိုက်တာတွေ ရှိတယ်။ အာရက္ခတပ်တော်က လုံခြုံရေးခိုင်မာအောင် ဆောင်ရွက်နေတာကြောင့် တရားဥပဒေနည်းလမ်းအရ အကြမ်းဖက် တာတွေ ကျူးလွန်လေ့ရှိတဲ့သူတွေရဲ့အိမ်တွေကို ချိတ်ပိတ်တာက ပြည်သူ့လုံခြုံရေးအတွက် အရေးကြီးတယ်” ဟု ရခိုင်တွင် လူမှုကူညီရေးလုပ်ဆောင်နေသူ ကိုမျိုးဟိန်းအောင်က ပြောသည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်ထဲက မြို့နယ် ၁၄ ခုနှင့် ပလက်ဝမြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် စစ်တွေနှင့် ကျောက်ဖြူမြို့နယ်တို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်။

အောင်ထိန် (DMG) ပေးပို့သည်။