ရခိုင်တွင် AA နှင့် ဆက်စပ်သံသယဖြင့် တရားစွဲခံထားရသူ ၁ဝဝ ကျော် မလွတ်မြောက်လာသေး

0
288
ပုံစာ - ရခိုင် အကျဉ်းထောင်တစ်ခုရှေ့တွင် စောင့်မျှော်နေကြသည့် မိသားစုဝင်တချို့။

ရခိုင်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲခံထားရသူ ၁ဝဝ ကျော် ကျန်နေသေးပြီး ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေးရန် လူ့အခွင့်အရေးလှုပ်ရှားသူများနှင့် မိသားစုဝင်များက တောင်းဆိုသည်။

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်း၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ တောင်ကုတ်နှင့် သံတွဲ စသည့် မြို့နယ်များတွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးတရားစွဲ ခံထားရသူ ၁ဝဝ ကျော် ကျန်နေသေးပြီး ၎င်းတို့ကို အမြန်ဆုံးလွှတ်ပေးရန် လိုအပ်သည်ဟု ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့ဒါရိုက်တာ ဦးမြတ်ထွန်းက ပြောသည်။

“လွှတ်ကို လွှတ်ပေးရမယ်။ ကျန်တဲ့ မလွှတ်ပေးလို့ရှိရင် လူ့အခွင့်အရေး ချိုးဖောက်တာ၊ သူတို့လည်း ပုဒ်မတူ၊ အမှုတူ ကျခံနေရတဲ့ မြန်မာနိုင်ငံသားတွေပါ။ သူတို့လည်း တန်းတူအခွင့်အရေး ရသင့်ပါတယ်။ သူတို့ကို မလွှတ်ပေးသရွေ့၊ ချုပ်ထားသရွေ့ ကာလပတ်လုံး မတရား ဖမ်းဆီးချုပ်နှောင်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်တယ်လို့ ပြောချင်တယ်” ဟု ဦးမြတ်ထွန်းက ဆိုသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်က စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA) တို့ ဖြစ်ပွားခဲ့သည့် တကျော့ပြန် တိုက်ပွဲကာလအတွင်း အဖမ်းခံခဲ့ရသော အပြစ်မဲ့ပြည်သူ ၆ဝဝ ခန့် ရှိသည်ဟု ၂ဝ၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ပြုလုပ်ခဲ့သော ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)၏ သတင်းစာ ရှင်းလင်းပွဲတွင် ULA/AA ပြောခွင့်ရသူ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

၂ဝ၂၂ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် စစ်ကောင်စီနှင့် AA တို့ နှစ်ဘက် အပစ်ရပ်ပြီးနောက် ဖေဖော်ဝါရီလ အထိ ၃၉၁ ဦးသာ လွတ်မြောက်ခဲ့ပြီး ၂ဝ၃ ဦးမှာ ဖမ်းဆီးချုပ်နှောင်ခံနေရဆဲဟု ဦးခိုင်သုခက ပြောဆိုထားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်တွင် စစ်ကောင်စီက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ (EAOs) နှင့် ဆက်စပ်သူ ၇၂ ဦး၏ တရားရုံး စစ်ဆေးဆဲအမှုများကို ပိတ်သိမ်းပြီး လွတ်ငြိမ်းခွင့်ပေးလိုက်ရာ ရခိုင်မှ AA နှင့် ဆက်စပ်သံသယဖြင့် အမှုရင်ဆိုင်နေရသူ ၆၂ ဦး အထိ လွတ်မြောက်ခဲ့သည်။

သို့သော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ ၁၇(၂)၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (က)၊ ၅ဝ၅ (ခ)နှင့် နိုင်ငံတော်ဆူပူလှုံ့ဆော်မှု ဆိုင်ရာဥပဒေပုဒ်မ ၅ဝ၅-က တို့ဖြင့် လူဦးရေ ၁ဝဝ ကျော် ထပ်မံ တရားစွဲခံနေရဆဲ ဖြစ်သည်ဟု သိရသည်။

နိရဉ္စရာ ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here