ရခိုင်တောင်ပိုင်းကို စစ်သင်္ဘောများဖြင့် ကမ်းတက်ရန် အာဏာသိမ်းစစ်တပ် ကြိုးပမ်းနေ

By MPM 6 စက်တင်ဘာ, 2026 👁 40

အာဏာသိမ်းစစ်တပ်သည် စစ်သင်္ဘောများဖြင့် ရခိုင်တောင်ပိုင်း သံတွဲ၊ ဂွမြို့နယ် ကမ်းခြေတို့ကနေ ကမ်းတက်ပြီး ထိုးစစ်လုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ငပလီကမ်းခြေနှင့် ကျိန္တလီ၊ ဂျိတ်တော အနီးပတ်ဝန်းကျင်ကို စက်တင်ဘာလဆန်းပိုင်းမှစ၍ စစ်သင်္ဘော ၅ စီးဖြင့် စစ်ရေးလှုပ်ရှာနေပြီး ပစ်ခတ်မှုများ လုပ်နေသည်။

“စစ်တပ်ရဲ့ စစ်သင်္ဘော အများအပြားက အခုရက်ပိုင်း ပိုပြီး စစ်ရေးလှုပ်ရှားမှုတွေကို မြင်လာရတယ်။ စက်တင်ဘာ ၄ ရက်ကလည်း စစ်သင်္ဘောပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

စစ်တပ်၏ ရေကြောင်းကနေ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကမ်းခြေတစ်လျှောက်ကျေးရွာများမှ ဒေသခံများမှာ လုံခြုံရေးစိုးရိမ်၍ တိမ်းရှောင်မှုများ ရှိနေကြောင်း သိရသည်။

သံတွဲ၊ ဂွ ကမ်းခြေတစ်လျှောက် စစ်တပ်၏ နေဗီလှုပ်ရှားသွားလာမှုများ ယခင်ကထက် ထင်ထင်ရှားရှား တွေ့ရသဖြင့် ဒေသခံများမှာ စစ်ရေးတိုက်ခိုက်မှုများ ပြင်းထန်လာမည်ကို စိုးရိမ်နေကြသည်။

“ဒီနေ့တော့ နေဗီတွေက ပစ်ခတ်တာ ရပ်တန့်နေပေမယ့် စိုးရိမ်မှုတွေ ရှိနေကြတယ်။ ဒါကြောင့် ကမ်းခြေနဲ့ နီးတဲ့ ကျေးရွာတွေကတော့ သတိရှိရှိ နေကြရတဲ့ အခြေအနေပါ။ လောလောဆယ်တော့ မြေပြင်တိုက်ပွဲက မရှိပေမယ့်လည်း နေဗီတွေက ကမ်းကပ်ပြီး စစ်ကြောင်းထိုးမှာကိုတော့ စိုးရိမ်ရပါတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

လက်ရှိ စစ်တွေ၊ ကျောက်ဖြူမြို့နယ်တို့တွင် အာဏာသိမ်းစစ်တပ်နှင့ အာရက္ခတပ်တော်တို့ကြား တိုက်ပွဲပြင်းထန်လာနေသည်။

ရခိုင်ပြည်အတွင်း စစ်ရေးတင်းမာမှု မြင့်တက်လာပြီဖြစ်၍ ပြည်သူများအနေဖြင့် လုံခြုံရေးကို အထူးသတိထားနေထိုင်ကြရန် AA က အရေးပေါ်သတိပေးချက်ထုတ်ပြန်ထားသည်။

DMG