ယာယီသမ္မတတာဝန် မင်းအောင်လှိုင်လွှဲပြောင်းယူခြင်းက နိုင်ငံတကာတရားဝင်မှုရရှိရေး ပထမခြေလှမ်းဖြစ်ဟု KNU သုံးသပ်

By MPM 23 ဇူလိုင်, 2024 👁

စစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်က သမ္မတရာထူးတာဝန်ကို လွှဲပြောင်းရယူခြင်းသည် နိုင်ငံတကာထံမှ တရားဝင်မှုရရှိရေး ကြိုးပမ်းသည့် စစ်ကောင်စီ၏ ပထမခြေလှမ်းဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး- KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက သုံးသပ်ပြောဆိုသည်။

ယာယီသမ္မတဦးမြင့်ဆွေ၏ ကျန်းမာရေးအခြေအနေကြောင့် ဇူလိုင် ၂၂ ရက်နေ့မှစ၍ လစ်ဟင်းနေသော ယာယီ သမ္မတနေရာကို လက်ရှိအာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံသို့ လွှဲပြောင်းပေးအပ်လိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ပြန်လာမှုနှင့် ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူ ထိုသို့ပြောဆိုသည်။

ပဒိုစောကလယ်စေးက “သူတို့ (စစ်ကောင်စီ) အနေနဲ့ နိုင်ငံတကာမှာ တရားဝင်မှုရအောင် ပြန်ကြိုးစားတဲ့ ပထမခြေလှမ်းဖြစ်တယ်။ ဘာလို့လဲဆိုတော့ အာဏာလက်ရှိဆုပ်ကိုင်ထားနိုင်အောင် လုပ်ဆောင်ရာမှာ နောက်တဆင့်ဖြစ်တဲ့ ရွေးကောက်ပွဲကို သူတို့ကြွေးကြော်ထားတာရှိတယ်။ ရွေးကောက်ပွဲ မဖြစ်မနေကျင်းပပြီး သူတို့တရားဝင်မှု ရှိပါတယ်ဆိုတာကို နိုင်ငံတကာကို ပြချင်တဲ့လုပ်ရပ်ဖြစ်တယ်လို့ သုံးသပ်မိတယ်” ဟုပြောသည်။

ရွေးကောက်ပွဲရလဒ်မဲမသမာမှု ခေါင်းစဉ်တပ်၍ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်ကောင်စီက အာဏာသိမ်းယူခဲ့ပြီးနောက် နိုင်ငံတော်အရေးပေါ်ကာလအဖြစ် (၆) လ တစ်ကြိမ် သက်တမ်းတိုးမြှင့်ခဲ့ပြီး ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဟုဆိုကာ ရွေးကောက်ပွဲပြန်လည်ကျင်းပနိုင်ရေး အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုအခြေအနေတွင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းတွင်ပင် ရေးဆွဲထားခြင်းမရှိသော ယာယီသမ္မတ၏ ရာထူးတာဝန်ကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ရယူလိုက်ခြင်းဖြစ်ပြီး ၎င်းလုပ်ရပ်သည်လည်း တရားဝင်မှု မရှိကြောင်း ကေအဲန်ယူပြောခွင့်ရ ပဒိုစောကလယ်စေးက ဖြည့်စွက်ပြောသည်။

“သူတို့ဒီလိုလုပ်လိမ့်မယ်ဆိုတာ ကျနော်တို့အရင်ကတည်းက တွက်ထားပြီးသားပါ။ အာဏာလွှဲပြောင်းတာပဲ ဖြစ်ဖြစ် သက်တမ်းတိုးတာပဲဖြစ်ဖြစ် ပြီးခဲ့တဲ့ကာလတုန်းက လုပ်ခဲ့တာမှန်သမျှ တရားဝင်မှု မရှိဘူး။ သူတို့ အသက်နဲ့လဲပြီး ကာကွယ်နေတဲ့၂၀၀၈ ဖွဲ့စည်းပုံထဲမှာတောင်မှ ဘာလုပ်ပိုင်ခွင့်မှ ပြဌာန်းထားတာမရှိဘူးဆိုတာ အားလုံးသိပြီးသားပါ ဒါကတရားဝင်မှုမရှိပါဘူး” ဟု KNU ပြောခွင့်ရက ဆိုသည်။

ယခုဇူလိုင်လကုန်တွင် စစ်ကောင်စီက ၅ ကြိမ်မြောက် တိုးမြှင့်ထားသည့် အရေးပေါ်ကာလသက်တမ်းမပြည့်ခင် ယခင် အရပ်သားအစိုးရလက်ထက်က ဒုတိယသမ္မတ တာဝန်ယူခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေထံမှ စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ယာယီသမ္မတတာဝန်ကို လွှဲပြောင်းရယူလိုက်ခြင်းလည်း ဖြစ်သည်။

ထို့အပြင် အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် တစ်နိုင်ငံလုံးအနှံ့ မငြိမ်မသက် ဖြစ်ပွားနေသည်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လပိုင်းက ကာလုံအစည်းအဝေးခေါ်ယူ၍ ရွေးကောက်ပွဲ မဖြစ်မနေပြုလုပ်မည့်ကိစ္စအား ဆွေးနွေးပြောဆိုခဲ့ပြီး ၎င်းတို့၏ရှေ့လုပ်ငန်းစဉ်များအရ နိုင်ငံတော်အာဏာကို စစ်ကောင်စီ လက်ဝယ်တွင်းသာ အစဉ်အမြဲထိန်းသိမ်းထားလိုကြောင်း ပေါ်လွင်သည်ဟုလည်း နိုင်ငံရေးလေ့လာသူအချို့က သုံးသပ်ထားကြသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီနှင့် စင်ပြိုင်အစိုးရဖြစ်လာသည့် အမျိုးသားညီညွှတ်ရေးအစိုးရ NUG ဘက်ကလည်း မင်းအောင်လှိုင်မှ ယာယီသမ္မတတာဝန် ယူလိုက်ခြင်းနှင့်ပက်သက်၍ ၎င်းအာဏာတည်မြဲရေးအတွက် စစ်တပ်ကို အသုံးချနေသည့်အပေါ် တပ်မတော်ဂုဏ်သိက္ခာထိန်းလိုသော တပ်တွင်းရှိ စစ်သည်များအနေဖြင့် တစုံတရာဆောင်ရွက်သင့်ကြောင်း ဒေသတွင်းမီဒီယာမှတဆင့် တိုက်တွန်းထားသည်။

KIC ပေးပို့သည်။