မွန်ပြည်၊ ရေးမြို့ ကျုံလောင်းရွာကို စစ်ကောင်စီလေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်

0
151
ပုံစာ - ကျုံလောင်းကျေးရွာစစ်ဘေးရှောင်တချို့။

မွန်ပြည်နယ်၊ ရေးမြို့ ကျုံလောင်းကျေးရွာဘက်ကို ဇန်နဝါရီ ၁၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲခန့်ကစပြီး စစ်ကောင်စီက လေယာဉ်နှင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံတို့ပြောဆိုမှုအရ သိရသည်။

ကျုံလောင်းရွာဘက်ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ဇန်နဝါရီ ၉ ရက်နေ့ကစပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ရာတွင် လက်ရှိအချိန်ထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု ဒေသခံများက ပြောဆိုသည်။

တိုက်ပွဲအတွင်း ရေးမြို့အခြေစိုက် စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတို့ကနေ လက်နက်ကြီးများနှင့် ဆက်တိုက် ရမ်းသမ်းပစ်ခတ်နေသည့်အပြင် ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲကစပြီး စစ်ကောင်စီလေယာဉ် ၄ စီးဖြင့် ကျုံလောင်းရွာဘက်ကို ဗုံးကြဲချတိုက်ခိုက်နေသည်ဟု ဒေသခံတို့က ပြောသည်။

ဒေသခံတစ်ဦးက “လေယာဉ်နဲ့ ဗုံးကြဲနေတာက မြို့ပေါ်မှာတော့ မဟုတ်ဘူး၊ ကျုံလောင်းဘက်မှာ။ ဒါပေမဲ့ ဘယ်မှာကျမလဲတော့ မသိဘူး။ ရေးမြို့ပေါ်ကလူတွေလည်း လန့်နေကြပြီ။ ဒီလိုမျိုးတခါမှ မတွေ့ဖူးသေးဘူး” ဟု ပြောသည်။

ကျုံလောင်းကျေးရွာဘက်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ ရောက်ရှိလာသည့်သတင်းကြောင့် ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက ဒေသအခြေစိုက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်နေသည့် အပြင် စစ်ကြောင်းထိုးဝင်ရောက်လာသည်လည်း ရှိကြောင်း ဒေသခံများက ပြောသည်။

ထိုသို့ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်း၊ ဒေသတွင်း စစ်ကြောင်းထိုးဝင်ရောက်လာနေသည့်အတွက် ကျုံလောင်း ကျေးရွာနှင့် အနီးနားကျေးရွာများမှ ဒေသခံရာချီသည် ဇန်နဝါရီလ ၈ ရက်နေ့ကတည်းက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ ဝယ်ဇင်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဒေသခံများထွက်ပြေးတိမ်းရှောင်နေကြတာကြောင့် ယင်းသို့လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူထိခိုက်မှု မရှိနိုင်သော်လည်း ကျုံလောင်းကျေးရွာဘက်ထွက်ပေါ်လာသည့် မီးခိုးများကို အဝေးမှပင် မြင်နေရသည့်အတွက် ကျေးရွာအတွင်း ထိခိုက်မှုတစုံတရာရှိနိုင်သည်ဟုလည်း ဒေသခံများက ပြောသည်။

တိုက်ပွဲဖြစ်ပွားနေသည့် ကျုံလောင်းကျေးရွာဘက်တွင် စစ်ကောင်စီတပ်တို့က လမ်းများပိတ်ဆို့ထားသည့်အပြင် လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးတင်းကြပ်နေကြောင်း ရေးဒေသခံတို့က ပြောဆိုသည်။

ထို့အပြင် ရေးမြို့အရှေ့ဘက်ရှိ ကျုံလောင်းရွာလမ်းတလျှောက် ဘုန်းတော်ကြီးကျောင်း တောင်ကုန်းများပေါ်တွင် စစ်ကောင်စီတပ်က အမြှောက်များအထိုင်ချထားသဖြင့် အနီးအနားတဝိုက်ကျေးရွာများမှ သံဃာတော်များနှင့် ရွာသားများအားလုံး ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းတွင် ရေးမြို့ပေါ်သို့ အရေးပေါ်ပြောင်းရွေ့နေကြောင်း သိရသည်။

IMNA ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here