မွန်ပြည်သစ်ပါတီ AD က စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးတွင် ပူးပေါင်းသူများကို အရေးယူမည်ဟု ပြောဆို

By MPM 30 ဩဂုတ်, 2024 👁

စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအစီအစဉ်ကို ဆန့်ကျင်သွားရန်နှင့် ပူးပေါင်းလုပ်ဆောင်မှု ပြုလုပ်သူများကို ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့- NMSP AD အသိပေးကြေညာခဲ့သည်။

အသက် ၃၅ နှစ် အထက် အရပ်သားအမျိုးသားများကို ကျေးရွာ၊ ရပ်ကွက်လုံခြုံရေးအတွက် စစ်ကောင်စီက စု‌ဆောင်းနေမှုအပေါ် မွန်ပြည်သစ်ပါတီ AD စစ်ရေးနိုင်ငံရေး ဦးဆောင်အဖွဲ့က ဩဂုတ် ၂၉ ရက်နေ့တွင် ထိုသို့အမိန့်ညွန်ကြားစာ ထုတ်ပြန်လာခြင်း ဖြစ်သည်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့- NMSP AD ပြောခွင့်ရ နိုင်ဗညားမွန်က စစ်ကောင်စီလုပ်မည့် ပြည်သူ့လုံခြုံရေးအဖွဲ့သည် လိုအပ်နေသည့် ၎င်းတို့စစ်အင်အားကို ဖြည့်ဆည်းပေးခြင်းဖြစ်တာကြောင့် မပူးပေါင်းကြရန် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များကို အသိပေးခြင်း ဖြစ်သည်ဟု ပြောပါသည်။

နိုင်ဗညားမွန်က “အခုသူတို့ လုပ်ဆောင်မယ့် ပြည်သူ့လုံခြုံရေးအဖွဲ့က သူတို့လိုအပ်နေတဲ့ အရေးနိမ့်နေတဲ့ အင်အားလျော့နည်းနေတဲ့ စစ်ကောင်စီအားကို ဖြည့်ဆည်းပေးတဲ့ လုပ်ငန်းတစ်ခုလို့ ကျွန်တော်တို့ မြင်ပါတယ်။ ဒါကြောင့် ဒီအ‌ပေါ်မှာ ကျွန်တော်တို့က ပြတ်ပြတ်သားသား ဆန့်ကျင်သွားမယ်။ ကျွန်တော်တို့ လှုပ်ရှားရာ ဒေသမှာရှိတဲ့ ဒေသခံတွေအားလုံး ဒီလုပ်ငန်းမှာ ပူးပေါင်းပါဝင်ခြင်းမပြုဖို့ အထူးသဖြင့် ဒီကျေးရွာအုပ်ချုပ်ရေး အဖွဲ့တွေကို ကျွန်တော်တို့ အသိပေးတာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

အမိန့်ညွန်ကြားစာတွင် မွန်ပြည်သစ်ပါတီ AD လှုပ်ရှားသည့် မွန်၊ ကရင်၊ တနင်္သာရီက ကျိုက်မရော၊ ကော့ကရိတ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး မြောက်ပိုင်းနှင့် ရေဖြူမြို့နယ်အတွက် ရည်ညွန်းထားခြင်း ဖြစ်သည်။

စစ်ကောင်စီဖွဲ့စည်းခဲ့သည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကနေ တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ရပ်ကွက်ကျေးရွာအုပ်စုအထိ လမ်း၊ ရပ်ကွက်အလိုက် လုံခြုံရေးအတွက် အဖွဲ့ဝင်များ စု‌ဆောင်းနေခြင်းလည်း ဖြစ်သည်။

ပြည်သူ့လုံခြုံရေးအဖွဲ့တွင် ပါဝင်သူများကို စစ်သင်တန်းပေးခြင်း၊ လက်နက်တပ်ဆင်ခြင်း၊ ထောက်ပံ့ပို့ဆောင်ခြင်းနှင့် ဒဏ်ရာရတပ်ဖွဲ့ဝင်များကို ရွှေ့ပြောင်းကယ်ဆယ်ရေး တာဝန်များလည်း ပေးအပ်ရန် စစ်ကောင်စီက စီစဉ်ထားကြောင်း သိရသည်။

ယင်းအပြင် ထိရောက်စွာ တိုက်ပွဲဝင်နိုင်ရန်လည်း အခြေအနေနှင့် ကိုက်ညီသည့် နည်းဗျူဟာ လေ့ကျင့်ပေးခြင်း၊ တပ်ဖွဲ့ဝင်များကို နယ်မြေလုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်၊ စစ်မြေပြင်တာဝန်များတွင်လည်း အသုံးချရန် ဖြစ်သည်။

နိုင်ဗညားမွန်က “ဆွဲသွင်းခံရတာပဲဖြစ်ဖြစ် ကိုယ့်သဘောနဲ့ပဲဖြစ်ဖြစ် ဒီအဖွဲ့မှာ ပါဝင်ကတည်းက စစ်ကောင်စီရဲ့ အဖွဲ့တစ်ခုလို့ ကျွန်တော်တို့ သတ်မှတ်ပါတယ်။ ဒီအပေါ်မှာလည်း ကျွန်တော်တို့ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

သို့သော် မည်သည့်ပုံစံဖြင့် အရေးယူဆောင်ရွက်သွားမည်ဆိုသည်ကို မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ဘက်က ရှင်းရှင်းလင်းလင်း ထုတ်ပြန်ပြောဆိုထားခြင်း မရှိသေးပါ။

လက်ရှိ မြန်မာစစ်တပ်အခြေအနေသည် နိုင်ငံအနှံ့ ဝန်းရံတိုက်ခိုက်ခံနေရပြီး ထွက်ပြေးမှု ၊လက်နက်ချမှု၊ စခန်းသိမ်းခံရမှုများ ရှိနေသည့်အတွက် အင်အားပြန်လည် ဖြည့်တင်းရေးက စစ်ကောင်စီကို အသက်ဆက်ဖို့ ဖြစ်စေသည်ဟု မွန်ပြည်သစ် AD အမိန့်ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ယင်းကြောင့် အုပ်ချုပ်ရေးအဖွဲ့များအနေနှင့် စစ်ကောင်စီ၏ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့၌ ပူးပေါင်းဆောင်ရွက်မှု မလုပ်ဆောင်ကြရန် သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ်၊ ဒေသအလိုက် အမိန့်ညွန်ကြားထားခြင်းဖြစ်သည်။

ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ အနေနှင့် အမိန့်ညွန်ကြားစာကို မလိုက်နာဘဲ ပြည်သူ့လုံခြုံရေးအဖွဲ့ထဲ အဖွဲ့ဝင်အဖြစ် ပါဝင်ခြင်း ပို့ဆောင်မှုတွေ ပြုလုပ်လာပါက ပြတ်ပြတ်သားသား အရေးယူသွားမည်ဟု မွန်ပြည်သစ် AD က ကြေညာအသိပေးထားသည်။

စစ်ကောင်စီက မြို့ရွာလုံခြုံရေးအတွက်ဆိုကာ ပြည်သူ့လုံခြုံရေးဆိုသည့် ခေါင်းစဉ်နှင့် အသက် ၃၅ နှစ်ကနေ ၆၅ နှစ်အကြား အမျိုးသားများအား ခေါ်ယူရန် ဒေသတချို့တွင် ဩဂုတ်လ နောက်ဆုံးပတ်ကစပြီး စာရင်းစတင်ကောက်ယူနေပြီ ဖြစ်ကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။