မွန်ပြည်နယ်တွင် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံမှု အကြိမ်ရေ ယခင် ၃ နှစ်တာကာလထက် ပိုများလာ

0
124

၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်ရှိခဲ့ပြီး ယခင် ၃ နှစ်တာကာလထက် တိုက်ခိုက်ခံရမှု ပိုများလာသည်ဟု မွန်လူ့အခွင့်အရေး လေ့လာစောင့်ကြည့် နေသည့်အဖွဲ့များက ပြောသည်။

၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ၃ နှစ်တာကာလထက် ၂၀၂၄ ခုနှစ်အတွင်း လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်ရေ ပိုများလာခြင်း ဖြစ်သည်ဟု ဇန်နဝါရီ ၇ ရက်နေ့က ထုတ်ပြန်ခဲ့သည့် လဂွန်းအိမ်စာစဉ်၏ မွန်ဒေသ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတွင် ဖော်ပြထားခြင်း ဖြစ်သည်။

မွန်ပြည်လူသားချင်းစာနာမှုကွန်ရက်အဖွဲ့ (MSHN) က မိဆောင်းက “ခြေမြန်စစ်သည်တွေကလည်း ရှေ့တန်းသွားရင် ထွက်ပြေးတာရယ်၊ သေတာရယ်၊ အလံဖြူထောင်ပြီး အလင်းဝင်နေကြတာဆိုတော့ အားကိုးစရာ လေကြောင်းတိုက်ခိုက်မှုပဲ ရှိနေတာဖြစ်တဲ့တွက် နောက်ပိုင်း ပိုပြီးဆိုးရွားဖို့ပဲ ရှိပါမယ်လို့ ထင်မြင်ပါတယ်” ဟု ပြောသည်။

၂၀၂၁ ခုနှစ် မှ ၂၀၂၃ ခုနှစ် အထိ ၃ နှစ်တာအတွင်း မွန်ပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၄၁ ကြိမ်သာ ရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ်တွင် အကြိမ်ရေ ၄၂ ကြိမ်ထိ ရှိခဲ့သည်ဟု အစီရင်ခံစာက ဆိုသည်။

မွန်ပြည်အတွင်း လေကြောင်းတိုက်ခိုက်မှု ပိုများလာရသည့် အကြောင်းအရင်းမှာ စစ်ကောင်စီတပ်သည် တိုက်ပွဲများတွင် ရှုံးနိမ့်မှုနှင့်အတူ ထိန်းချုပ်နယ်မြေများ ဆုံးရှုံးလာနေခြင်း၊ မြေပြင်တွင် တိုက်ပွဲများပြင်းထန်နေခြင်းတို့ကြောင့် ဖြစ်သည်ဟု မိဆောင်းက ဆက်ပြောသည်။

“လေကြောင်းကိုအားကိုးမှသာ အသာစီးရနိုင်မှာဖြစ်လို့ သူတို့တပ်ရင်းတွေကို သိမ်းခံရတဲ့နေရာတွေဆို လေကြောင်းကိုပဲ အားကိုးတယ်လို့ ထင်မိပါတယ်။ စကစက သူရဲ့တပ်ရင်း၊ တပ်မ၊ တပ်ခွဲဗျူဟာကုန်းတွေကို တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ရရှိတာနဲ့ လေကြောင်းတိုက်ခိုက်မှုကို ပိုလုပ်မှာပဲ စကစမှာ အားကိုးစရာ လေကြောင်းပဲ ရှိတော့တာလေ” ၎င်းက ဆိုသည်။

မွန်ပြည်အတွင်းရှိ ကျိုက်မရော၊ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ရေးနှင့် သံဖြူဇရပ်မြို့နယ်တို့သည် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုခံရသည့် မြို့နယ်များဖြစ်ပြီး ကျိုက်မရောမြို့နယ်သည် လေကြောင်း တိုက်ခိုက်ခံရမှု အများဆုံးဖြစ်သည်ဟု ဆိုသည်။

မွန်ပြည်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ၂၀၂၄ ခုနှစ်အတွင်း နေအိမ်အလုံးရေပေါင်း ၆၃၃ လုံး၊ စာသင်ကျောင်း နှင့် ဘာသာရေး အဆောက်အအုံ အလုံးပေါင်းရေ ၁၂ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု လဂွန်းအိမ်စာစဉ်၏ အစီရင်ခံစာပါ အချက်အလက်များအရ သိရသည်။

အာဏာသိမ်းပြီးချိန်မှ စတင်၍ စစ်ကောင်စီသည် စစ်ရာဇဝတ်မှုနှင့် လူ့အခွင့်အရေးများကို မျက်ကွယ်ပြုကာ အရပ်သားပြည်သူများအပေါ် အကြမ်းဖက်မှုမျိုးစုံအား နေ့စဉ်နှင့်အမျှ ကျူးလွန်နေသည် မွန်ပြည်မြောက်ပိုင်းက စစ်ရေးနှင့်ပတ်သက်၍ မြေပြင်တွင် အချက်အလက်များ ကောက်ခံနေသူတစ်ဦးက ပြောသည်။

“ စကစအနေနဲ့ လူ့အခွင့်အရေးဆိုတာ သူနားမလည်သလို သူရဲ့စစ်သည်တွေလည်း လူ့အခွင့်အရေးရဲ့ အဓိပ္ပာယ်ကို မသိနားမလည်နေပါဘူး။ သူတို့ကို အဲ့လိုဖြစ်အောင်လဲ ပုံစံသွင်းထားတာပဲလေ။ အခုလို ပြည်သူတွေအပေါ် လေကြောင်းနဲ့ တိုက်ခိုက်ပြီး လူ့အခွင့်အရေး ချိုးဖောက်နေတယ်ဆိုတာကို သိချင်မှသိပါလိမ့်မယ်။ စကစရဲ့ အတွေးထဲမှာ ငါတို့မစိုးမိုးနိုင်တဲ့ နေရာတွေအားလုံး တော်လှန်ရေးအင်အားစုတွေ မရရေးကိုပဲ ရှေးရှုနေတာပါ” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီသည် လေယာဉ်နှင့်ဗုံးကြဲခြင်းအပြင် အရပ်သားပြည်သူများကို မတရား ဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ လက်နက်ကြီး ပစ်ခတ်ခြင်းစသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ယနေ့ထိတိုင် ဆိုးရွားစွာ ကျူးလွန်နေသည်ဟု လဂွန်းအိမ်စာစဉ်က ဆိုသည်။

၂၀၂၄ ခုနှစ်အတွင်း မွန်ပြည်နယ်တွင် စစ်ရေးပဋိပက္ခအရှိန် ယခင်နှစ်များထက် ပိုမိုအားကောင်းလာပြီး တစ်နှစ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း အကြိမ် ၁၉၀ ကြိမ် ဖြစ်ပွားခဲ့သည်ဟု အဆိုပါစာစဉ်က ပြောဆိုထားသည်။

NMG ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here