မွန်ပြည်နယ်အတွင်း ပွဲရုံနှင့် ဂိုဒေါင်များတွင် သိုလှောင်ထားသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများနှင့် ကုန်စုံဆိုင်တို့တွင် ရောင်းချနေသည့် ထိုင်းကုန်ပစ္စည်းများကို စစ်ကောင်စီလက်အောက်ခံအဖွဲ့များက လိုက်လံဖမ်းဆီးပြီး ကားများဖြင့် လာရောက်သိမ်းယူနေသည်ဟု ရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရသည်။
ဒု-စစ်ကောင်စီခေါင်းဆောင် ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက နိုင်ငံခြားသွင်းကုန်လိုင်စင်နှင့် တင်သွင်းခွင့်မပြုနိုင်သည့် ကုန်ပစ္စည်းများကို လိုက်လံစစ်ဆေးဖမ်းဆီးရန်၊ ဈေးကွက်များအတွင်းထိပါ ကွင်းဆင်း၍ ဖမ်းဆီးစစ်ဆေးရန် ညွှန်ကြားပြီးနောက်ပိုင်း မွန်ပြည်နယ်တွင် ထိုင်းနိုင်ငံထုတ်ကုန်ပစ္စည်းကို အဖမ်းအဆီးကြမ်းလာခြင်းဖြစ်သည်။
မော်လမြိုင်၊ ဈေးကြိုပွဲရုံတန်း ကုန်သည်များနှင့်နီးစပ်သူတစ်ဦးက “ထိုင်းကုန်တွေက သူတို့ (စစ်တပ်) လိုက်ဖမ်းပြီးတော့ ပစ္စည်းတွေကို သိမ်းသွားတာရှိနေတယ်။ အခုက အမျိုးမျိုးပဲ၊ ဘယ်လိုလုပ်နေမှန်းလည်းမသိဘူး။ ပထမကတော့ ပွဲရုံတွေမှာ ထိုင်းကုန်စည်တွေ တင်သွင်းရဖို့အတွက် သူတို့ပဲစီစဉ်ပေးပြီးတော့ တင်သွင်းခွင့်ပြုထားပေးတယ်။ အခုက ပွဲရုံရောက်ပြီးတော့လည်း တခါတည်းဆွဲပြီးတော့ သိမ်းလိုက်တာပဲ” ဟု ပြောသည်။
ထိုသို့အဖမ်းအဆီးကြမ်းနေသည့်အတွက် ထိုင်းကုန်ပစ္စည်းများကို နေရာပြောင်းရွှေ့ချထားရကြောင်းနှင့် လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရန်အတွက် စစ်ကောင်စီကို ငွေကြေးပေးဆောင်ထားရသည်ဟုလည်း ၎င်းက ဆက်ပြောဆိုသည်။
ထိုင်းကုန်ပစ္စည်းများကို အဖမ်းအဆီး ကြမ်းနေခြင်းကြောင့် ထိုင်းကုန်ပစ္စည်းများကို အဓိကသုံးစွဲနေသည့် မွန်ပြည်နယ် ဈေးကွက်တွင် ထိုင်းကုန်စည် ပြတ်လတ်မှု ကုန်ဈေးမတည်ငြိမ်မှုများ ကြုံလာရနိုင်သည်ဟု မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။
“အရင်ကတည်း ဈေးမြင့်လာနေပါတယ်ဆိုမှ အခုဒီလိုမျိုး ထပ်တင်းကြပ်လာတယ်ဆိုတော့ ပိုပြီးတော့ ခက်ခဲလာတယ်ပေါ့။ စစ်တပ်က ဘယ်လိုပဲ စီးပွားရေးသမား၊ ကုန်သည်တွေအပေါ်မှာ တင်းကြပ်ပါစေ။ တကယ် အဲဒီဒဏ်ကို ခံရတဲ့သူတွေက သုံးစွဲသူပြည်သူတွေပါ” ဟု ၎င်းက ဆိုသည်။
စစ်ကောင်စီက မွန်ပြည်နယ်အတွင်းရှိ ပွဲရုံ၊ ဂိုဒေါင်နှင့် ဈေးဆိုင်တို့ရှိ ထိုင်းကုန်ပစ္စည်းများကို လိုက်လံသိမ်းယူနေသော်လည်း နယ်စပ်လမ်းကြောင်းမှ တင်းသွင်းနေသည့် ထိုင်းကုန်ပစ္စည်းများကိုတော့ ဖမ်းဆီးတာ၊ တားဆီး ပိတ်ပင်တာမရှိသေးကြောင်း ဘုရားသုံးဆူ နယ်စပ်မှတဆင့် မွန်ပြည်နယ်အတွင်းသို့ ထိုင်းကုန်ပစ္စည်း တင်သွင်းနေသည့် ကုန်သည်တစ်ဦးက ပြောသည်။
“ပြောရရင် လမ်းတွေမှာက ဂိတ်ကြေးပေးပြီးရင် သယ်လို့ရနေသေးတယ်။ တခါတလေ မြို့ထဲထိဝင်လို့ရှိရင် စစ်သားနဲ့ရဲတွေကို ပိုက်ဆံပေးထားတဲ့ လူတွေကို ဝင်လို့ရတာပေါ့။ သူတို့က မဝင်နဲ့အုံးလို့ပြောရင် မဝင်နဲ့ပေါ့။ ဒီလိုပဲ သယ်နေကြတာ” ဟု အဆိုပါကုန်သည်က ပြောသည်။
စစ်ကောင်စီအနေဖြင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို ယခုလို ဖမ်းဆီးနေသည့် လုပ်ရပ်ကဲ့သို့ ဖမ်းဆီးသိမ်းယူမှု လုပ်ဆောင်နေခြင်းသည် ဂိတ်ကြေး ပိုမိုတောင်းခံရန် အားပေးနေသလိုဖြစ်နေကြောင်း ကုန်သည်တို့က ပြောသည်။
မွန်ပြည်နယ်ထဲကို ထိုင်း – မြန်မာနယ်စပ် ဘုရားသုံးဆူလမ်းကြောင်းနှင့် မြဝတီလမ်းကြောင်းမှတဆင့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို တင်သွင်းနေခြင်းဖြစ်ကြောင်း ရောင်းဝယ်လုပ်ကိုင်နေသူ ကုန်သည်များထံမှ သိရသည်။
IMNA ပေးပို့သည်။