မွန်နှင့်ကရင်အစပ်ရှိဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကြောင့် အခက်အခဲကြုံနေရပြီး မိုင်းများရှင်းလင်းစေလို

By MPM 24 စက်တင်ဘာ, 2024 👁

တိုက်ပွဲများပြင်းထန်နေသည့် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ကျေးရွာနှင့် အနီးတဝိုက်တွင် ပြီးခဲ့သည့် သြဂုတ်လ တတိယအပတ်ကနေ စက်တင်ဘာလ ဒုတိယပတ်အတွင်း မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ၆ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တာကြောင့် ဒေသခံပြည်သူများ ခြံလုပ်ငန်းလုပ်ကိုင်စားသောက်ရန် အခက်အခဲကြုံနေကြသည်။

အလားတူ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်အစပ် တိုက်ပွဲများဖြစ်ပွားနေသည့် နေရာများတွင်လည်း မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲသည့်ဖြစ်စဉ် ဆက်တိုက်ဖြစ်ပွားနေသည့်အတွက် ဒေသခံပြည်သူများ ဥယျာဉ်ခြံလုပ်ငန်းခွင်သို့ သွားရောက်လုပ်ကိုင်ရန် အခက်အခဲကြုံတွေ့နေကြရသည်ဟု ပြောဆိုသည်။

စစ်ကောင်စီတပ်စခန်း ချထားသည့် နေရာအနီးနားတဝိုက်၊ အများပြည်သူ သွားလာအသုံးပြုနေသည့်လမ်း၊ ကျေးရွာများ အနီးနားတဝိုက်နှင့် ဒေသခံများ လုပ်ကိုင်စားသောက်နေကြရသည့် ခြံ၊ တောတောင်လိုနေရာမျိုးတွင် မြေမြှုပ်မိုင်း ပေါက်ကွဲမှု ဖြစ်ပွားနေသည့်အတွက် ဒေသခံများအကြား မြေမြှုပ်မိုင်းအန္တရာယ်ကို စိုရိမ်ပူပန်ကြကြောင်း ပြောဆိုကြသည်။

ဒေသခံများသည် မြေမြှုပ်မိုင်းနှင့် ပတ်သက်သည့် အသိပညာမရှိသည့်အတွက်ကြောင့်လည်း ယခုလို မိုင်းအန္တရာယ်ကို ပိုမိုကြုံတွေ့နေရပြီး ဒေသခံများအား မိုင်းအသိပညာပေးအစီအစဉ်များ လိုအပ်လာသည်ဟု သံဖြူဇရပ်ဒေသခံတစ်ဦးက ပြောသည်။

“မြေမြှုပ်မိုင်းနဲ့ပတ်သက်တဲ့ ပညာပေးသင်တန်းတွေက လူတိုင်းအတွက်က လိုအပ်လာနေပြီ။ ဒေသခံတွေက မသိဘူးလေ ဒီလိုအခြေနေမှာဆိုရင် ဘယ်လိုရှောင်ရမလဲ။ တကယ်လို့ ခြံသွားရင်လည်း ရှောင်ရန်ဆောင်ရန် နည်းလမ်းတွေကို ဒေသခံတွေ အနည်းဆုံးသိထားသင့်တယ်။ လက်နက်ကိုင်အဖွဲ့တွေက ထောင်ထားတာ မှန်ပေမဲ့လည်း အမှန်တကယ်ထိတာ သူတို့မဟုတ်ဘူး” အဆိုပါဒေသခံက ပြောသည်။

ယခင်က မြေမြှုပ်မိုင်းမရှိခဲ့သည့် နေရာတွင်ပင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာသည့် စစ်ရေးပဋိပက္ခများကြောင့် မြေမြှုပ်မိုင်းအန္တရာယ် ပိုမိုဆိုးရွာလာပြီး မိုင်းဒဏ်ကို ဒေသခံအရပ်သားပြည်သူများက ရင်ဆိုင်ကြုံတွေ့နေကြရသည်။

စစ်အာဏာမသိမ်းခင်ကာလက မွန်အရပ်ဖက်အဖွဲ့စည်းနှင့် မွန်ပြည်သစ်ပါတီတို့ ပူးပေါင်းပြီး မိုင်းအန္တရာယ် ပညာပေးအစီစဉ်များ လုပ်ဆောင်ခဲ့သော်လည်း စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ကန့်သတ်ပိတ်ပင်မှုကြောင့် မိုင်းဆိုင်ရာပညာပေးအစီစဉ်များ ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ကြောင်း သိရသည်။

လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသတွင် မြေမြှပ်မိုင်းအပြင် စစ်လက်နက်အကြွင်းအကျန်ပစ္စည်း အန္တရာယ်ကိုလည်း ဒေသခံများ ရင်ဆိုင်ကြုံတွေ့နေရသည်ဟု မြေမြှုပ်မိုင်းအရေး ဆောင်ရွက်နေသူတစ်ဦးက ပြောသည်။

“စစ်ရေးအရှိန်က တိုးလာနေတယ်။ ပြီးတော့ တိုက်ပွဲဖြစ်ပွားတဲ့နေရာကလည်း ဒေသခံတွေနဲ့ နီးလာနေတယ်ဆိုတော့ မိုင်းအန္တရယ်အပြင်ကို လက်နက်ကြီးနဲ့ပတ်သက်တဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အန္တရာယ်တွေကိုပါ ဒေသခံတွေက ရင်ဆိုင်နေရတယ်။ အဲဒါကြောင့် ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့ ဒေသခံတွေ သင်တန်းပို့ချတာတွေ ရခဲ့မယ်ဆိုရင် သူတို့အတွက်က များစွာအထောက်ကူပြုစေတယ်” ဟု ၎င်းက ပြောသည်။

မွန်ပြည်နယ်တွင် သြဂုတ်လအတွင်း မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးရှိပြီး ထိခိုက်ဒဏ်ရာရသူ ၂၀ ဦးရှိကာ ဘီလင်း၊ ကျိုက်ထို၊ သံဖြူဇရပ်မြို့နယ်တို့တွင် မြေမြှုပ်မိုင်းအန္တရယ် အများဆုံးကြုံတွေ့နေရကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ပထမခြောက်လတာကာလအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေသည့် စစ်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၇၀၀ နီးပါးထိရှိပြီး ယင်းအရေအတွက် စုစုပေါင်း၏ ၃၂ ရာခိုင်နှုန်းသည် ကလေးငယ်များဖြစ်သည်ဟု UNICEF Myanmar ၏ အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။

IMNA ပေးပို့သည်။