မွတ်ဆလင် ကျောင်းသားလူငယ်များ ခေတ်ပညာ သင်ကြားနိုင်ရေးနှင့် ဆရာ/မ ၅၀၀ ခန့်အပ်နိုင်ရေး မော်လဝီဆရာများနှင့် ULA ဆွေးနွေး

By MPM 31 ဇူလိုင်, 2026 👁 117

ရခိုင်ပြည်၊ မောင်တောခရိုင်အတွင်း မွတ်ဆလင်ကျောင်းသားလူငယ်များ အစိုးရအတန်းစာ (ခေတ်ပညာ) သင်ကြားနိုင်ရေးနှင့် ဒေသတွင်း လူမှုသဟဇာတဖြစ်ရေးအတွက် မော်လဝီဆရာများ၊ မာဒရာဆာကျောင်းအုပ်များနှင့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) တို့ ဘူးသီးတောင်မြို့နယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် လာမည့်ပညာသင်နှစ်အတွင်း မောင်တောခရိုင်ရှိ အစိုးရကျောင်းများ၌ တာဝန်ထမ်းဆောင်ရန် မွတ်ဆလင် ကျောင်းဆရာ/ဆရာမ ၅၀၀ ဦးအထိ ခန့်အပ်ပေးရန် အစီအစဉ်ရှိကြောင်း မောင်တောခရိုင်ပညာရေးမှူးက ပြောကြားခဲ့သည်။

“မောင်တောခရိုင်ဟာ မူဆလင်လူဦးရေ အများဆုံးနေထိုင်တဲ့ ခရိုင်တစ်ခုဖြစ်ပြီး လာမည့်ပညာသင်နှစ်မှာ မူဆလင်ကျောင်းဆရာ/ဆရာမ ၅၀၀ အား ခန့်အပ်ပေးလိုပါတယ်။ မူဆလင်အမျိုးသား/အမျိုးသမီးတွေ ပညာရေးမှာ စိတ်ပါဝင်စားလာအောင် လူကြီးတွေဘက်ကလည်း စည်းရုံးလှုံ့ဆော်ပေးသင့်ပါတယ်” ဟု မောင်တောခရိုင်ပညာရေးမှူးက ဆိုသည်။

တွေ့ဆုံပွဲသို့ ULA မောင်တောခရိုင်ပါတီရုံးမှ ခရိုင်မှူးအပါအဝင် အုပ်ချုပ်ရေး၊ ပညာရေး တာဝန်ရှိသူများ၊ ခရိုင်မွတ်ဆလင်ရေးရာကောင်စီ အဖွဲ့ဝင်များ၊ မာဒရာဆာကျောင်းများနှင့် ဗလီများမှ ဦးဆောင်မော်လဝီဆရာများ စုစုပေါင်း ၃၀၉ ဦး တက်ရောက်ခဲ့ကြသည်။

ULA မောင်တောခရိုင် ပါတီခရိုင်မှူးက မွတ်ဆလင်များအနေဖြင့် ရက္ခိုင်ဘာသာစကားနှင့် အစိုးရအတန်းစာ (ခေတ်ပညာ) အားနည်းသည့်အတွက် ဆေးဝါးကုသမှုခံယူရာတွင် အခက်အခဲရှိခြင်း၊ လူမျိုးနှစ်မျိုးအကြား ချိတ်ဆက်မှုမရှိဘဲ လူမှုသဟဇာတဖြစ်ရေး ဝေးကွာသွားရခြင်းတို့ဖြစ်ပေါ်ခဲ့ရကြောင်း ထောက်ပြခဲ့သည်။

မာဒရာဆာပညာရေးနှင့် အစိုးရအတန်းစာ ပညာရေးသည် မျက်လုံးနှစ်ဖက်ကဲ့သို့ မျှတစွာ သင်ကြားသင့်ကြောင်း၊ မာဒရာဆာကျောင်းများ ပျောက်ကွယ်သွားမည်ကို စိုးရိမ်စရာမလိုကြောင်းလည်း ခရိုင်မှူးက ပြောဆိုခဲ့သည်။

“တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပိုမိုတိုးတက်၍ အဖိုးတန်သော အနာဂတ်မွတ်ဆလင် အမျိုးသား/အမျိုးသမီးတွေကို မွေးထုတ်ပေးကြဖို့လိုအပ်ပါတယ်” ဟု ၎င်းကပြောသည်။

ယခင် စစ်ကောင်စီအပါအဝင် အစိုးရအဆက်ဆက်သည် ရခိုင်နှင့် မွတ်ဆလင်အကြား လူမျိုးရေးပြဿနာများ ဖန်တီးကာ စာမတတ်ရအောင် ဖိနှိပ်ခဲ့သော်လည်း လက်ရှိ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်ထက်တွင် မွတ်ဆလင်များကို ဘာသာ၊ လူမျိုး မခွဲခြားဘဲ ပညာသင်ကြားခွင့်နှင့် အစိုးရဌာနများတွင် တန်းတူညီမျှ တာဝန်ထမ်းဆောင်ခွင့် ပြုထားကြောင်း ULA တာဝန်ရှိသူများက ပြောဆိုခဲ့သည်။

ဆွေးနွေးပွဲတက်ရောက်လာသည့် မော်လဝီဆရာများနှင့် မာဒရာဆာ ကျောင်းအုပ်ကြီးများကလည်း ယခင်အစိုးရများထက် လက်ရှိအာရက္ခအစိုးရက အလေးထားဦးစားပေးသည့်အတွက် အထူး ဝမ်းမြောက်ကြောင်းနှင့် မာဒရာဆာကျောင်းအချို့တွင်လည်း ခေတ်ပညာရေးကို ပူးတွဲ သင်ကြားပေးနေပြီဖြစ်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲ၌ မာဒရာဆာကျောင်း ၂၅ ကျောင်းမှ မွတ်ဆလင် ကျောင်းသား/သူများအတွက် ကျောင်းသုံး စာအုပ်များနှင့် စာရေးကိရိယာများကိုလည်း ULA ဘက်မှ လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။

DMG