မြောက်ဦးမြို့ ဗုံးကြဲခံရမှုတွင် ဒဏ်ရာရသူများအနက် နှစ်ဦး ထပ်မံသေဆုံး၊ သေဆုံးသူ ၁၄ ဦးအထိ ရှိလာ

By MPM 27 ဩဂုတ်, 2025 👁

အာရက္ခတပ်တော်ထိန်းချုပ်ရာ မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို စစ်ကောင်စီက ဗုံးကြဲမှုအတွင်း ဒဏ်ရာရရှိသူများထဲမှ ကလေးငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ထပ်မံသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ အသက် ၅ နှစ်အရွယ် မောင်အောင်အောင်၊ အသက် ၃၂ နှစ်အရွယ် ဒေါ်အေးစန္ဒာနှစ်တို့ဖြစ်ပြီး ဆေးကုသမှုခံယူနေစဉ် ဒဏ်ရာပြင်းထန်သဖြင့် သြဂုတ်လ ၂၆ ရက်၊ ညနေပိုင်းတို့တွင် သေဆုံးခဲ့ကြောင်း သိရသည်။

“ ဒဏ်ရာတွေ ပြင်းထန်တော့ ဆေးကုသနေရင်း သေဆုံးခဲ့ရတာပါ။ ကလေးတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ၂ ဦး ထပ်သေတယ်။ နောက်ထပ် လူနာတွေကတော့ စိုးရိမ်ရတဲ့ အခြေအနေမဟုတ်တော့ဘူးလို့ သိရတယ်” ဟု မြောက်ဦးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

မောင်အောင်အောင်မှာ ဦးခေါင်း ဗုံးစထိမှန်ဒဏ်ရာနှင့် မအေးစန္ဒာမှာ ခန္ဓာကိုယ်အနှံ့ ဗုံးစထိမှန်ကာ ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ပြီး အရေးပေါ်အခြေအနေကနေ သေဆုံးခဲ့ရခြင်းဖြစ်သည်။

ဩဂုတ်လ ၂၅ ရက်၊ ညဉ့် ၁၁ နာရီကျော်တွင် စစ်ကောင်စီသည် မြောက်ဦးမြို့၊ ဒိုင်းကျီရပ်ကွက်ကို ပေါင် ၅၀၀ ဗုံး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သဖြင့် ကနဦးအနေဖြင့် ကလေးငယ်အပါအဝင် ၁၂ ဦးသေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သို့သော် လက်ရှိတွင် သေဆုံးသူ ၁၄ ဦးအထိ ရှိလာခဲ့ပြီး ကျန်ထိခိုက်ဒဏ်ရာရရှိသူများမှာ စိုးရိမ်ရသည့် အခြေအနေမရှိတော့ကြောင်း မြို့ခံများထံမှ သိရသည်။

ထို့အတူ ယမန်နေ့ (ဩဂုတ် ၂၆) နေ့လည်ပိုင်းကလည်း မင်းပြားမြို့နယ်၊ ကျောက်ခုတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း အာရက္ခတပ်တော်ထိန်းချုပ်ရာ မြို့နယ်များကို လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်လာနေသဖြင့် ဒေသခံများ လေကြောင်းအန္တရာယ် သတိရှိရန် လိုအပ်လာသည်။

“ အခုရက်ပိုင်း ပိုပြီး လေကြောင်းကို သတိထားဖို့လိုတယ်။ မြောက်ဦးနဲ့ မင်းပြားကို ရှေ့ဆင့်နောက်ဆင့်လို ကြဲသွားတော့ နောက်ထပ် ဘယ်လိုလာမလဲ ကြိုမသိနိုင်ဘူး။ ဒီတော့ ဒေသခံတွေအနေနဲ့ မျက်စိဖွင့် နားဖွင့် နေကြဖို့၊ ပြီးတော့ ဗုံးခိုကျင်းတွေလည်း ပိုပြီးလုပ်ဖို့ လိုအပ်တယ်။ အထိအခိုက်နည်းနိုင်သမျှနည်းအောင်တော့ ကြိုတင်လုပ်ထားဖို့ လိုအပ်တယ်။ တပ်တော်အနေနဲ့လည်း ဒါတွေကို အဓိက တိုက်တွန်းသင့်တယ်လို့မြင်တယ်” ဟု ရခိုင်အရပ်ဘက်အဖွဲ့စည်းတစ်ခုက တာဝန်ရှိသူတစ်ဦးက ပြောသည်။

နိုင်ငံတစ်ဝန်း၌ စစ်ရှုံးနေသော စစ်ကောင်စီသည် စစ်ဘက်နှင့်မသက်ဆိုင်သည့် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ စစ်ဘေးရှောင်စခန်းများနှင့် လူနေထူထပ်သော နေရာများကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ကာ စစ်ရာဇဝတ်မှုများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်လျက်ရှိကြောင်း AA က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ယင်းကဲ့သို့ အရပ်သားများအား ဦးတည်တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီသည် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်နေခြင်းသာဖြစ်သဖြင့် စစ်ကောင်စီကို ထိရောက်စွာ အရေးယူသင့်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူများက ပြောဆိုထားကြသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်ဒေသခံ လူငယ်အမျိုးသမီးတစ်ဦးက “ စစ်ကောင်စီ ဗုံးကြဲမှုကြောင့် ပြည်သူတွေ ဒုက္ခရောက်တာတွေ များနေပြီ။ အာဏာပိုင်တွေကို ပြောချင်တာက စစ်ရေးအရ နှစ်ဖက်အာဏာပိုင်တွေနဲ့ပဲ ဖြေရှင်းဖို့၊ ပြည်သူကို ဦးတည်ချက် မထားဖို့ပေါ့။ အခုကတော့ ပြည်သူတွေ လူ့လူ့အခွင့်အရေးချိုးဖောက်ခံနေရတယ်” ဟု ပြောသည်။

ရခိုင်ပြည်အတွင်းရှိ မြောက်ဦးအပါအဝင် အာရက္ခတပ်တော် ထိန်းချုပ်ထားရာ မြို့နယ်များကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်နေသဖြင့် အစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုအရေအတွက် တိုးလာနေသည်။

DMG က ကောက်ယူထားသော စာရင်းအရ ၂၀၂၄ ခုနှစ်၊ ဧပြီလမှစတင်ကာ ယခု ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၇ ရက်အထိ မြောက်ဦးကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ပြုလုပ်ခဲ့ပြီး ကလေးငယ်အပါအဝင် ၆၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၇၇ ဦးအထိ ရှိလာပြီဖြစ်သည်။

DMG