မြေပြန့်ဒေသများတွင် ဂျိုင်ရိုကော်ပတာဖြင့် တိုက်ခိုက်မှုများ စစ်ကောင်စီ ပို၍ လုပ်ဆောင်နေ

By MPM 25 အောက်တိုဘာ, 2025 👁

မြန်မာနိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု အရှိန်မြင့်လုပ်ဆောင်နေသည့် စစ်ကောင်စီသည် တိုက်ပွဲဖြစ်ရာနေရာများနှင့် အရပ်သားနေထိုင်ရာ နေရာများကို တိုက်ခိုက်ရေးယာဉ်မျိုးစုံသုံးကာ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေသည်။

ထိုသို့ လုပ်ဆောင်ရွက်ရာတွင် Jet Fighter ၊ Y-12 ၊ MI-2၊ MI-37၊ ၊ ဒရုန်း၊ စက်တပ်လေထီး (ပါရာမော်တာ) အပြင် Gyrocopter (ဂျိုင်ရိုကော်ပတာ) တို့ကိုပါ အသုံးပြုနေကြောင်း လေကြောင်းစောင့်ကြည့်နေသူများက ဆိုသည်။

စစ်ကောင်စီက Gyrocopter များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ ထုတ်သုံးလာခဲ့ပြီးနောက်ပိုင်း တောင်တန်း၊ သစ်ပင်များနည်းပါးသည့် အညာမြေပြန့်ဒေသ စစ်ကိုင်း၊ မကွေး၊ ပဲခူးနှင့် မန္တလေးတို့တွင် အသုံးများနေကြောင်း လေကြောင်းရန် စောင့်ကြည့်လေ့လာနေသူများထံမှ သိရသည်။

“ အခုတိုက်ခိုက်တဲ့ ဒေသတွေက မကွေး၊ စစ်ကိုင်း၊ မန္တလေး တိုင်း ၃ တိုင်းမှာ စတွေ့ရတယ်ပေါ့နော်။ အခြေစိုက်တာတော့ မိတ္ထီလာ လေတပ်၊ မုံရွာ (နမခ) ပေါ့။ ဒီရက်ပိုင်းမှာပဲ ပဲခူးတိုင်းဘက်မှာလဲ တောင်ငူလေတပ်ကတက်လာတဲ့ ဂျိုင်ရိုကော်ပတာတွေနဲ့ တိုက်ခိုက်တာမျိုး စပြီး တွေ့လာရတယ်” ဟု ဝေဟင်လေကြောင်းရန် စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက DMG ကို ပြောသည်။

ဂျိုင်ရိုကော်ပတာသည် စက်တပ်လေထီးထက် အလေးချိန် အများအပြား တင်ဆောင်နိုင်ပြီး ပေါင် ၁၂၀ မမ ဗုံးသီးအပြင် တိုက်ခိုက်ရေး လက်နက်များကိုပါ သယ်ယူနိုင်ကြောင်း သိရသည်။

ယင်းအပြင် ယာဉ်မောင်းတစ်ဦးနှင့် ယာဉ်နောက်တွင်တစ်ဦး လိုက်ပါစီးနင်းနိုင်ပြီး ပုံမှန်ပျံသန်းမြန်နှုန်းမှာ တစ်နာရီလျှင် ၉၅ မိုင်နှင့် အမြင့်ဆုံး အမြန်နှုန်းမှာ တစ်နာရီလျှင် ၁၂၀ မိုင်နှုန်းရှိကြောင်း သိရသည်။

အမြင့်ဆုံး ပျံတက်နိုင်သော အမြင့်ပေ ၁၂,၀၀၀ နှင့် ပျံတက်ရန်လိုအပ်သော ပြေးလမ်းအရှည်မှာ ၉၈ ပေ ဖြစ်သည်။

လေပေါ်တွင် ပျံသန်းနေနိုင်သော ကြာချိန်မှာ ၃ နာရီမှ ၄ နာရီအတွင်းဖြစ်ပြီး အဝေးဆုံး ပျံသန်းနိုင်သော အကွာအဝေးမှာ ၂၃၅ မိုင်ဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီသည် အသုံးစရိတ် ချွေတာရန်နှင့် တော်လှန်ရေးတပ်ဖွဲ့များတွင် လေကြောင်းရန်ကာကွယ်ရေး လက်နက်ပစ္စည်း မပြည့်စုံမှုများကို အခွင့်ကောင်းယူကာ စက်တပ်လေထီး၊ ဂျိုင်ရိုကော်ပတာ စသည့် စစ်လက်နက်အမျိုးမျိုးကို စတင်အသုံးပြုလာခြင်းဖြစ်ကြောင်း သုံးသပ်နေကြသည်။

“ ဂျက်ဖိုက်တာတွေ တစ်ခါပျံတက်ပြီး ဗုံးကြဲတဲ့ mission တစ်ခုအတွက် ကုန်ကျစရိတ်နဲ့ ဂျိုင်ရိုကော်ပတာ၊ ပါရာမိုတာတို့နဲ့ ပျံတက်ပြီး ကြဲတဲ့ ကုန်ကျစရိတ်က ဘယ်လိုမှ ယှဉ်မရအောင် ကွာခြားပါတယ်။ ဒါကြောင့်လည်း paramotor နဲ့ gyrocopter တွေကို ပိုသုံးလာတာပေါ့။ အထူးသဖြင့် အညာဒေသမှာပေါ့။ အနောက်မြောက်တိုင်း စစ်ဌာနချုပ်မှာ ၃ စီး၊ မိတ္ထီလာလေတပ်ကနေ ၃ စီး တက်ကြဲတာမျိုးတော့ ရှိတယ်” ဟု ဝေဟင်အဖွဲ့တာဝန်ရှိသူက ဆက်ပြောသည်။

အောက်တိုဘာ ၁၂ ရက်က မကွေးတိုင်း၊ ပေါက်မြို့နယ် အရှေ့မြောက်ခြမ်းဘက်ကို ဂျိုင်ရိုကော်ပတာနှင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၅ ရက်ကလည်း ပပေါက်မြို့နယ် အရှေ့မြောက်ခြမ်းတစ်နေရာကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာဖြင့် ဗုံးကြဲမှုကြောင့် အရပ်သား ၁ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီသည် နိုင်ငံတစ်ဝန်းတွင် အရပ်သား နေထိုင်ရာနေရာများအပြင် စာသင်ကျောင်း၊ သာသနိက အဆောက်အဦးများကို ပစ်မှတ်ထားတိုက်ခိုက်နေ၍ အရပ်သားထိခိုက်သေဆုံးမှုနှင့် အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုမှာ နေ့စဉ်နှင့်အမျှ မြင့်တက်နေဆဲဖြစ်သည်။

“ စစ်တပ်ဘက်က‌တော့ တော်လှန်ရေးတပ် ထိန်းချူပ်နယ်မြေတွေမှာရှိတဲ့ သူတွေကို တော်လှန်ရေးဘက်တော်သားတွေလို့ ယူဆချက်လည်း ရှိပါတယ်။ နောက်တစ်ခုက အရပ်သားလား စစ်ရေးပစ်မှတ်လား ခွဲခြားခြင်းမရှိတော့ဘဲ သူတို့ ဆုံးရှုံးတဲ့ နယ်မြေတွေမှာ စစ်ရေးအပြင် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချူပ်ရေး၊ လူမှုစီးပွားရေး စတာတွေ တည်ဆောက်လည်ပတ်လို့မရအောင် နှောက်ယှက်ဖျက်ဆီးတာမျိူးလည်း ရှိပါတယ်” ဟု မြန်မာ့ စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်နေသည့် အခြေအနေကို ကာကွယ်ရန် ဒေသခံများအနေဖြင့် နေအိမ်များအတွင်း ဗုံးခိုကျင်း စနစ်တကျတူးခြင်း၊ လေကြောင်းအသိပေးစနစ်များ ကျေးရွာတိုင်းတွင်ထားပြီး လေကြောင်းအန္တရာယ်ဘေးကင်းရေး ဆက်တိုက်လေ့ကျင့်ခြင်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း အကြံပြုနေကြသည်။

လက်ရှိတွင် စစ်ကောင်စီသည် အတင်းအဓမ္မ စစ်မှုထမ်းဥပဒေဖြင့် တပ်သားများစုဆောင်းနေပြီး လက်နက်ကြီး၊ ဒရုန်းပစ်ကူ၊ လေကြောင်းပစ်ကူဖြင့် တိုက်ပွဲဖြစ်ရာ နေရာများနှင့် အရပ်သားနေထိုင်ရာ နေရာတို့ကို အရပ်ဘက်၊ စစ်ဘက် ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

DMG