မြေပုံဒေသခံ ၈ ဦးကို စစ်အုပ်စုရေတပ် ဖမ်းဆီး၊ မိသားစုနှင့် အဆက်အသွယ်ပြတ်နေ

By MPM 18 မေ, 2026 👁 2

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် စစ်အုပ်စုရေတပ်သည် ခရီးသွားစက်လှေနှစ်စီးနှင့် လှေပေါ်ပါသူ ရှစ်ဦးကို မေလ ၁၆ ရက်က ဖမ်းဆီးသွားကြောင်း ဒေသခံများက ပြောသည်။

ဖမ်းဆီးခံရသူများနှင့် ယနေ့ (မေလ ၁၈ ရက်) နေ့လယ်ပိုင်းအထိ အဆက်အသွယ်မရ၍ မိသားစုဝင်များက စိုးရိမ်လျက်ရှိကြောင်း သိရသည်။

“ဒီဘက်မှာ စစ်ကောင်စီနေဗီတွေက အပြစ်မဲ့ခရီးသွားတွေကို မကြာခဏဆိုသလို ဖမ်းဆီးတာတွေ လုပ်နေတာ။ အခု ဖမ်းဆီးခံရတဲ့သူတွေ ဘယ်မှာချုပ်နှောင်ခံထားရလဲ၊ အသက်အန္တရာယ်ကင်းရဲ့လားဆိုတာ မိသားစုဝင်တွေက အရမ်းပူပန်နေကြတယ်” ဟု ဒေသခံက ဆိုသည်။

မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ စက်လှေဖြင့် ထင်းတင်ရန်သွားစဉ် အမ်းမြို့နယ်၊ ရွှေကျွန်းကြီးနား၌ ကျောက်ချရပ်နားထားသည့် စစ်အုပ်စု ရေတပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“သူတို့က (ဖမ်းဆီးခံရသူတွေ) မိသားစုစားဝတ်နေရေးအတွက် ထင်းနဲ့မီးသွေး သွားရှာကြတာပါ။ အခုလို အလုပ်သွားလုပ်တဲ့ အရပ်သားတွေကိုပါ လိုက်ဖမ်းနေတော့ ကျွန်တော်တို့မှာ အပြင်ထွက်ဖို့တောင် မရဲတော့ဘူး။ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရတာ တဖြည်းဖြည်းနဲ့ ပိုပြီးတော့ ကြောက်လန့်နေရတယ်” ဟု ကျွန်းသာယာရွာသားတဦးက မဇ္ဈိမကို ပြောသည်။

ဖမ်းဆီးခံရသူများမှာ ကျွန်းသာယာကျေးရွာ ဒေသခံများဖြစ်သည့် အသက် ၆၁ နှစ်အရွယ် ဦးဘရွှေသိန်း၊ ၎င်း၏သားဖြစ်သူ အသက် ၂၈ နှစ်အရွယ် ကိုညီညီလွင်၊ အသက်၂၈ အရွယ် ကိုစံရွှေမြင့် နှင့် ကိုလုံးထောင်၊ အသက် ၃၅ နှစ်အရွယ် ဦးမောင်မောင်လွင်၊ အသက် ၂၃ နှစ်အရွယ် မောင်ရဲကျော်သူနှင့် အသက် ၂၂ နှစ်အရွယ် ကို ကျန်ကျောင်းချေ နှင့် ကို မောင်မောင်ကြီး တို့ဖြစ်ကြသည်။

တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် စစ်အုပ်စုတပ်သည် စစ်ရေးအရ အရေးနိမ့်နေသဖြင့် ကုန်းကြောင်း၊ ရေကြောင်းလိုင်းများကို ပိတ်ဆို့ကာ အရပ်သားပြည်သူများကို ပစ်မှတ်ထား ဖမ်းဆီးခြင်းနှင့် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းများကို ခပ်စိပ်စိပ် ပြုလုပ်လာနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

မဇ္ဈိမ