မြိုင်မှာ စစ်ကောင်စီထောက်ပို့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

By MPM 26 ဇန်နဝါရီ, 2023 👁

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး အနည်းဆုံး (၂၀) ဝန်းကျင် သေဆုံးခဲ့တယ်လို့ မြိုင် ပ.က.ဖ တပ်ရင်း (၁) က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီယာဉ်တန်းကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ခွဲ (၁) ၊ တပ်ခွဲ (၄) စက်ြာ – မုန်တိုင်းတပ်ဖွဲ့နဲ့ MUGDF တပ်တို့ ပူးပေါင်းချထားတဲ့ မိုင်းကြီး/မိုင်းသေး (၁၅) လုံး (၃ ပွိုင့်) ပေါ်ကို တည့်တည့်ရောက်လာချိန်မှာ တိုက်ခိုက်ခံခဲ့ရတာပါ။

“တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား (၂၀) ဝန်းကျင်သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်” လို့ မြိုင် ပ.က.ဖ တပ်ရင်း-၁ ဗိုလ်လက်ျာက ပြောပါတယ်။

ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတဲ့ ယာဉ်တန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၂၃) ရက်နေ့က ပခုက္ကူကနေ Well-2 စခန်းကို ရိက္ခာလာပို့တဲ့ စစ်ကောင်စီရဲ့ ထောက်ပို့ယာဉ်တန်းဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက်မှာတော့ အနီးဝန်းကျင်ကကျေးရွာတွေကို စစ်ကြောင်းထိုးပြီး ရမ်းသမ်းပစ်ခတ်တာတွေလုပ်နေတယ်လို့ သိရပါတယ်။

“ ရှေ့ပြေးကားတန်းက ကိုင်းတောမစခန်းနဲ့ Well 2 စခန်းကြားမှာ ကျွန်တော်တို့ချထားတဲ့ မိုင်းတွေကြားမှာ တည့်တည့်ရောက်လာလို့ တိုက်ခိုက်ခဲ့တာပါ။ ထိခိုက်သေဆုံးမှုတွေ ရှိပါတယ်” လို့ မိုင်းဆွဲတိုက်ခိုက်မှုမှာ ပါဝင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မကွေးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ပြည်သူပိုင်နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ၊ လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတာကြောင့် စစ်ဘေးရှောင် နှစ်သိန်းကျော်အထိရှိနေတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ် – ပေးပို့သည်။