မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသည့် ဌာနဆိုင်ရာရုံးနှစ်ရုံးကို တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိခဲ့တယ်လို့ ABSDF Column 3 က ပြောဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့က တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များသည် မြိုင်မြို့နယ် စီမံကိန်းရုံးနှင့် တရားရုံးတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ABSDF Column 3 သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ကိုပြည့်ဖြိုးကျော်က “အဓိက က မြိုင်စီမံကိန်းရုံးကို ဝင်ရောက် စီးနင်းတာပါ။ ဘန်ကာတခုပဲ ကျန်တော့တဲ့အချိန်မှာ RPG နဲ့ ပစ်တာ RPG မပေါက်လို့ အပြီးသတ် မသိမ်းနိုင်ခဲ့ဘူး” ဟု ပြောဆိုသည်။
တိုက်ပွဲအတွင်း မြိုင်ရဲစခန်းက စစ်ကူလာသည့် စစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ဖြတ်တောက် တိုက်ခိုက်ရေးအဖွဲ့တို့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုများခဲ့ကြောင်း ၎င်းက ပြောသည်။
စီမံကိန်းရုံးကို တိုက်ခိုက်စဉ် မျက်နှာချင်းဆိုင်အဆောက်အဦးကနေ ပစ်ခတ်ခဲ့တာဖြစ်ပြီး လက်နက်ကြီး မအောင်ဘဲ စစ်ကူများ ရောက်လာတာကြောင့် အပြီးသတ်သိမ်းပိုက်ရန် အခက်အခဲဖြစ်ခဲ့ကြောင်း ABSDF Column 3 ထံမှ သိရသည်။
တိုက်ပွဲဖြစ်ပွားချိန် ၁ နာရီဝန်းကျင် ကြာမြင့်ပြီး စစ်ကောင်စီဘက်က ဒု-ရဲအုပ် ၁ ဦးအပါအဝင် ၂ ဦးသေဆုံးကာ ပျူစောထီး ၂ ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်ကလည်း ရဲဘော် ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဆိုသည်။
အဆိုပါတိုက်ပွဲကို ABSDF Column 3၊ မြိုင်ပကဖနှင့် မြိုင်နယ်အခြေစိုက် ပခုက္ကူခရိုင်တပ်ရင်း (၂ ၊ ၆ ၊ ၇ ၊ ၁၄၊ ၁၅ ၊ ၁၇) ၊ PSGF ပခုက္ကူ ၊ မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ PDAတပ် ၊ PRF ၊ Urban ရေစကြိုတပ်ဖွဲ့ ၊ မြင်းခြံခရိုင် ဒုန်းတပ်ဖွဲ့ ၊ King Cobra (ပခုက္ကူ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
သံလွင်တိုင်းမ် ပေးပို့သည်။