မြိုင်မြို့နယ်က ကိုင်းတောမရဲစခန်းကို စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေး

By MPM 7 ဩဂုတ်, 2024 👁

မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမရဲစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲနှင့်စစ်သားများက စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ပြည်သူ့ဒီမိုကရက်တစ်တပ်တော် People Democratic Army (PDO/PDA) ထံမှ သိရသည်။

သြဂုတ် ၃ ရက်နေ့တွင် ကိုင်းတောမစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးသည့်နောက် ဩဂုတ် ၇ ရက်နေ့တွင် အဆိုပါ စစ်ကောင်စီတပ်သားများက စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ခြင်းဖြစ်သည်။

“ဒီလိုစခန်းကို ရရှိခဲ့တော့ သူတို့အကြမ်းဖက် နှိပ်စက်တဲ့ဒဏ်ကို မခံနိုင်လို့ ကိုယ့်အိုးအိမ်ကို စွန့်ခွာနေရတဲ့ ရွာ (၄) ရွာ အိမ်ခြေ ၅ ထောင်လောက်က အခုတော့ အဆင်ပြေပြေ နေနိုင်ပြီဖြစ်လို့ ကျွန်တော်တို့ကတော့ ကျေနပ်ပီတိ ဖြစ်ရပါတယ်။ ကျွန်တော်တို့က အဖိနှိပ်ခံပြည်သူအတွက် အမြဲအလုပ်အကျွေး ပြုနေမှာပါ” ဟု PDO/PDA မှ နိုင်ငံရေးတာဝန်ခံရဲဘော်လပြည့်က ပြောသည်။

သြဂုတ် ၃ ရက်နေ့တွင် ရေစက်ကုန်းရဲကင်းနှင့် ကိုင်းတောမရဲစခန်းတို့ကို ကာကွယ်ရေးတပ်ဖွဲ့များက တပြိုင်နက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရေစက်ကုန်းရဲကင်းကို သိမ်းပိုက်နိုင်ခဲ့သည်။

သြဂုတ်လ ၃ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ကိုင်းတောမရဲစခန်းမှ နောက်ဆုတ်ခဲ့သော်လည်း သြဂုတ် ၄ ရက်၊ ၅ ရက်နေ့များတွင် ဖိအားပေး တိုက်ခိုက်နိုင်ခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၆ ရက်တွင်လည်း သရက်ကန်မှ ထွက်လာသော ရိက္ခာပို့စစ်ကြောင်းကို ကာကွယ်ရေးအဖွဲ့များက ဖြတ်တောက်နိုင်ခဲ့သည့်အတွက် သြဂုတ် ၇ ရက် နံနက်ပိုင်းတွင် ကိုင်းတောမရဲစခန်းကို စွန့်ခွာထွက်ပြေးသွားကြခြင်းဖြစ်ကြောင်း ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီတပ်သားများ ထွက်ပြေးစဉ်တွင်လည်း ကာကွယ်ရေးအဖွဲ့များက လိုက်လံတိုက်ခိုက်နိုင်ခဲ့ပြီး စစ်ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကိုင်းတောမရဲစခန်းသိမ်း တိုက်ပွဲကို ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA)၊ ကျောင်းသားတော်လှန်ရေးတပ်ဖွဲ့ (SRF)၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) – (အမှတ် ၈၁၅ တပ်ဖွဲ့ အနောက်မြောက်စစ်ဒေသ)၊ ဗမာ့လွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Lighting Drone Force၊ ပခုက္ကူစုဖွဲ့မှု (YoungForce. PPDF. ThuRain. HunterPakokku. Earthquake)၊ အညာမြေတပ်ပေါင်းစုနဲ့ မြိုင်မြို့နယ်မှ တော်လှန်ရေးအဖွဲ့များ (မြိုင် ပကဖ တပ်ရင်း (၁) တပ်ခွဲ (၄) စကြာအဖွဲ့၊ ပေါက် ပလဖနှင့် Justice Revolution Force) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၃ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်းသေဆုံးပြီး ကာကွယ်ရေးရဲဘော် ၂ ဦး ကျဆုံးခဲ့သည့်အပြင် ထိခိုက်ဒဏ်ရာရရှိမှုများလည်း ရှိခဲ့သည်။

သံလွင်တိုင်းမ် ပေးပို့သည်။