မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်တောက်

By MPM 24 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်းအတွင်းရှိ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်တို့တွင် MPT ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေသည်ဟု မြို့ခံများက ပြောသည်။

အဆိုပါမြို့များတွင် အောက်တိုဘာ ၁၅ ရက်နေ့ကစတင်၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်နေခြင်းဖြစ်ပြီး မြို့ပေါ်များတွင်သာမက ကျေးရွာများတွင်ပါ ဖုန်းလိုင်းများ ပြတ်တောက်နေကြောင်း သိရသည်။

မြိတ်မြို့ခံအမျိုးသားတစ်ဦးက “MPT လိုင်းက လုံးဝဆက်သွယ်လို့မရဘဲ ပြတ်နေတယ်။ စက်ပိတ်ထားပါသည်လို့ တချိန်လုံးပဲ အော်နေတာ။ MPT နဲ့ လျှောက်ထားတဲ့ K Pay တွေဆို ငွေလွှဲလို့လည်းမရ ထုတ်လို့လည်းမရနဲ့ ဒုက္ခဖြစ်နေကုန်ပြီ” ဟု ပြောသည်။

ဖုန်းလိုင်းများ လုံးဝပြတ်တောက်သွားခြင်းကြောင့် MPT ဖုန်းကတ်ဖြင့် လျှောက်ထားသည့် KBZ Pay Accounts များမှာ Log out ထွက်သွားပြီး Log in ပြန်ဝင်မရ ဖြစ်နေသည်ဟု ပြောဆိုကြသည်။

ထို့အခြေအနေကြောင့် ဒေသခံများသည် ငွေလွှဲ၊ ငွေထုတ်ခြင်းများ၌ ကြန့်ကြာနှောင့်နှေးမှုများနှင့် ကြုံတွေ့နေရသည်ဟု မြို့ခံများက ဆိုပါသည်။

ယခင်က MPT ဖုန်းလိုင်းများ မကြာခဏပြတ်တောက်မှုများ ရှိခဲ့သော်လည်း ယခုကဲ့သို့ ရက်ရှည်လိုင်းပြတ်နေခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်းလည်း ဒေသခံများက ဆိုသည်။

ထိုသို့ဖုန်းလိုင်းများ ရက်ရှည်ပြတ်တောက်နေသည့်အတွက် စီးပွားရေးလုပ်ငန်းများအပါအဝင် လူမှုဝန်ဆောင်မှုလုပ်ငန်းများပါ ထိခိုက်နေကြသည်ဟု ဆိုကြသည်။

သို့သော် တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်၊ ကော့သောင်းခရိုင်နှင့် ကျွန်းစုမြို့နယ်တို့တွင် MPT ဖုန်းလိုင်းပြတ်တောက်မှုမရှိဟု မြို့ခံတို့က ပြောသည်။

ယခုကဲ့သို့ MPT ဖုန်းလိုင်း ပြတ်တောက်မှုနှင့် ပတ်သက်၍ MPT ၏ တရားဝင် Facebook Page Messenger မှတဆင့် မေးမြန်းကြည့်ရာတွင် လိုင်းပြတ်တောက်မှုများအတွက် ပြင်ဆင်မှုများပြုလုပ်နေကြောင်းသာ ပြန်လည်ပြောဆိုပြီး လိုင်းပြတ်တောက်မှုရသည့် အကြောင်း၊ ကြာမြင့်မည့်အချိန်နှင့်ပတ်သက်၍ ဖြေဆိုခြင်းမျိုးမရှိပေ။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ကော့သောင်းမြို့ပေါ်တွင် MPT ဖုန်းလိုင်းများ အချိန်နှစ်ပတ်ကျော်ကြာ ရက်ရှည်ပြတ်တောက်ခဲ့သေးသည်။

NMG ပေးပို့သည်။