မြိတ်တွင် စစ်ကောင်စီဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရပြီး ၃ ဦး သေ ၅ ဦး ဒဏ်ရာရ

0
277
photo - ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် တုံးဗျောကြီးကျေးရွာအနီး တပ်စွဲထားသည့် စစ်ကောင်စီ ဂိတ်စခန်းတစ်ခု တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဘက်မလိုက် ပြောက်ကျားတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

စစ်ကောင်စီတပ်နှင့် ၎င်း၏သြဇာခံ ပြည်သူ့စစ်အဖွဲ့ဝင် ၂၀ နီးပါး တပ်စွဲနေထိုင်သည့် စစ်ကောင်စီ ဂိတ်စခန်းကို ဇူလိုင် ၄ ရက် နေ့လည် ၁၂ နာရီလောက်တွင် ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက လက်နက် ကြီး၊ လက်နက်ငယ်များ အပါအဝင် ဒရုန်းများနှင့်ပါ ဗုံးချတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ တိုက်ခိုက်ရာတွင် နှစ်ဘက်အပြန်အလှန် အချိန်နာရီဝက် နီးပါးအကြာ ပစ်ခတ်ခဲ့ကြပြီး ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အဆိုပါတာဝန်ရှိသူက ပြောသည်။

နှစ်ဘက်တိုက်ခိုက်မှု အတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင် ခဲ့သော်လည်း ဒေသခံများ ထိခိုက်သေဆုံးမှုနှင့် နေအိမ်ပျက်စီးမှု မရှိကြောင်း သိရသည်။

ယင်းစစ်ကောင်စီ ဂိတ်စခန်းကို ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၊ မြိတ်ခရိုင် တပ်ရင်း ၂ ၊ မြိတ်မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့(ပကဖ)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၁ ရက် ကလည်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် လငု၊ တောင်ဘိန်းနှင့် သကျက်တော ကျေးရွာ ဘက်ကို စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုတို့ အကြား တိုက်ပွဲ ၅ ကြိမ် ထက်မနည်း ဖြစ်ပွားထားကြောင်း သိရသည်။

သံလွင်တိုင်းမ် ပေးပို့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here