မြန်မာ့အရေးအတွက် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်အား ဗြိတိန် ပူးတွဲထောက်ခံ

By MPM 1 ဧပြီ, 2026 👁 3

(၆၁) ကြိမ်မြောက် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ပုံမှန်အစည်းအဝေးတွင် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ဆုံးဖြတ်ချက်ကို ဗြိတိန် (UK) အစိုးရက ပူးတွဲထောက်ခံလိုက်သည်။

ယင်းအပြင် မြန်မာစစ်တပ်၏ အကြမ်းဖက်မှုများကို မှန်ကန်စွာ မှတ်တမ်းတင်ထားကြောင်းလည်း ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယနေ့ ဧပြီလ ၁ ရက်၊ ညနေတွင် ထုတ်ပြန်သည်။

ဗြိတိန်အစိုးရကထောက်ခံလိုက်သည့် အဆိုပါဆုံးဖြတ်ချက်သည် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အပြည့်အစုံ ဖော်ပြထားသည်ဟု သိရသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ ယူကေနိုင်ငံ သံအမတ် Eleanor Sanders က “မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေဟာ အလွန် ဆိုးရွားပြီး အရေးပေါ် အခြေအနေများထဲမှ တစ်ခုအဖြစ် ကျွန်မတို့ရဲ့ လုပ်ငန်းစဉ်မှာ ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း ဒီအခြေအနေကို လစ်လျူရှုထားလို့ မရပါဘူး” ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းပြောကြားထားသည်။

ရခိုင်ပြည်၊ မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီးအပါအဝင် မကြာသေးမီက ဖြစ်ပွားခဲ့သော စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် နေအိမ်များ၊ ဘာသာရေးအဆောက်အအုံများနှင့် နေရပ်စွန့်ခွာရသူများအတွက် အကာအကွယ်ပေးသည့် နေရာများ ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုထားသည်။

ဤကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်သည် အကြမ်းဖက်မှုများအတွက် တာဝန်ခံမှုရရှိရေး၊ အရပ်သားပြည်သူများအား အကာအကွယ်ပေးရေးနှင့် လူသားချင်းစာနာမှု အကူအညီများ အကန့်အသတ်မရှိ ရရှိရေးတို့၏ အရေးတကြီးလိုအပ်ချက်ကို ပိုမိုခိုင်မာစေသည်ဟုလည်း ဖော်ပြထားသည်။

အာဆီယံအဖွဲ့အစည်း၏ ဘုံသဘောတူညီချက် ငါးချက်ကို အလျင်အမြန်အကောင်အထည်ဖော်ရေးနှင့် အာဆီယံနှင့် ကုလသမဂ္ဂတို့အကြား ပိုမိုနီးကပ်သော ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုက်တွန်းထားသည့် အဆိုပါဆုံးဖြတ်ချက်၏ အလေးပေးချက်ကို ယူကေအစိုးရအနေဖြင့် အပြည့်အဝထောက်ခံသည်ဟုလည်း ဆိုသည်။

နိရဉ္စရာ