ထိုင်း – မြန်မာ နယ်စပ်၊ မြဝတီမြို့နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်ငါးလုံး ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲရာမှ မြန်မာနိုင်ငံသားနှစ်ဦး ထိမှန်ဒဏ်ရာရခဲ့ကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။
ယနေ့ နိုဝင်ဘာလ ၃၀ ရက်၊ နံနက်ပိုင်းတွင် လက်နက်ကြီးကျည်ငါးလုံး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် နယ်စပ်ဒေသအတွင်း ကျရောက်ပေါက်ကွဲရာမှ မြန်မာနိုင်ငံသား ကလေးငယ်တဦးနှင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။
“အမျိုးသားတဦးနဲ့ ကလေးတဦး ဒဏ်ရာရထားတယ်။ သူတို့ကတော့ မပြင်းထန်ဒဏ်ရာပါပဲ။ ထိုင်းဘက်ကမ်းမှာ ကျတာဆိုတော့ မကောင်းဘူးလေနော်။ အခုလောလောဆယ်တော့ မယ့်ကိုကင်းမှာ ဆေးကုသမှုခံယူနေပါတယ်” ဟု ထိုင်းရောက် မြန်မာအရေး ဆောင်ရွက်နေသူတဦးက ပြောသည်။
ထိုင်းသတင်းဌာနတခုဖြစ်သည့် Khaosod တွင်မူ လက်နက်ကြီးကျည်ထိမှန်ပြီး မြန်မာနိုင်ငံသား လေးဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
ထိုသို့လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီးနောက် ထိုင်းစစ်တပ်ဘက်မှလည်း သတိပေးသည့်အနေဖြင့် မီးခိုးဗုံးလေးလုံး ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
နိုဝင်ဘာလ ၂၉ ရက် ကလည်း လက်နက်ကြီးကျည်စ ထိမှန်ပြီး မင်းလက်ပံရွာ ဘုရားကုန်းကျောင်းဆရာတော် လက်မောင်းတွင် ဒဏ်ရာရခဲ့ကြောင်း သိရသည်။
ထိုင်း- မြန်မာနယ်စပ်ဒေသဖြစ်သည့် မင်းလက်ပံ၊ မယ်ဝါးခီးနှင့် အင်ကြင်းမြိုင် အနီးတဝိုက်တွင် အာဏာသိမ်းစစ်တပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်၊ ညနေပိုင်းကလည်း မြဝတီမြို့နယ်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း ပစ်ခတ်သည့် လက်နက်ကြီးကျည်များ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျရောက်ပေါက်ကွဲခြင်းရှိခဲ့သည်။
မဇ္ဈိမ