မြန်မာစစ်အုပ်စုအပေါ် ပြင်းပြင်းထန်ထန် ရပ်တည်ရန် အာဆီယံကို SAC-M တိုက်တွန်း

By MPM 7 မေ, 2026 👁 2

ဖိလစ်ပိုင်နိုင်ငံ၊ စီဘူးမြို့၌ ကျင်းပမည့် (၄၈) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် “ဘုံသဘောတူညီချက် ငါး ချက်” ကို စွန့်လွှတ်ပြီး လုပ်ထုံးလုပ်နည်းသစ်များ ချမှတ်ရန် အာဆီယံခေါင်းဆောင်များကို နိုင်ငံခြားရေးဝန်ကြီးဟောင်းများနှင့် ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်းများ ပါဝင်သောအဖွဲ့တဖွဲ့က တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ထုတ်ပြန်သော ပူးတွဲကြေညာချက်တွင် မင်းအောင်လှိုင် ဦးဆောင်သော စစ်အုပ်စုသည် အာဆီယံ၏ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်မှုကို အခွင့်ကောင်းယူနေပြီး အရပ်သားများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ပိုမို လုပ်ဆောင်လာနေကြောင်း သတိပေးထားသည်။

အဆိုပါ ထုတ်ပြန်ချက်ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ကာဆစ် ပီရွန်မရာ၊ မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာ၊ ဖိလစ်ပိုင် အထက်လွှတ်တော်အမတ်ဟောင်း လိုင်လာ ဒီ လီမာ နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူဟောင်း သုံးဦးတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဧပြီလတွင် ချမှတ်ခဲ့သော အာဆီယံ၏ ဘုံသဘောတူညီချက် ငါးချက်ကို မင်းအောင်လှိုင်က အကြိမ်ကြိမ် ချိုးဖောက်နေခြင်းအား ရည်ညွှန်းလျက် “စစ်အုပ်စုရဲ့ လက်ချက်နဲ့ နှစ်ပေါင်းများစွာ အရှက်ရခဲ့ပြီးနောက်မှာတော့ ကျားရဲ့ အစင်းကြောင်းတွေဆို မပြောင်းလဲ၊ မပျောက်ပျက်ဘူးဆိုတာကို အာဆီယံအနေနဲ့ လက်ခံရပါတော့မယ်” ဟု လက်မှတ်ရေးထိုးသူများက ဆိုသည်။

ယခု ထုတ်ပြန်ချက်မှာ ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က မေလ ၇ ရက်နှင့် ၈ ရက်တို့တွင် စီဘူးမြို့၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးကို သဘာပတိအဖြစ် ဆောင်ရွက်နေစဉ် ထွက်ပေါ်လာခြင်းဖြစ်ပြီး၊ အဆိုပါ အစည်းအဝေးတွင် မြန်မာ့အရေး၊ စွမ်းအင်လုံခြုံရေး၊ စားနပ်ရိက္ခာ လုံခြုံရေးနှင့် ပင်လယ်ပြင်ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝေဖန်မှုများစွာ ကြုံတွေ့ရသော ရွေးကောက်ပွဲ ကျင်းပခြင်းနှင့် မြန်မာ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တဦးတည်း အကျဉ်းချထားရာမှ သတ်မှတ်နေအိမ်သို့ ပြောင်းရွှေ့လိုက်သည်ဆိုသော အတည်မပြုနိုင်သည့် ပြောဆိုချက်များ အပါအဝင်၊ စစ်အုပ်စု၏ လတ်တလော အပြုအမူများသည် စစ်မှန်သော လျှော့ပေးမှုများ မပါဘဲ နိုင်ငံတကာ၏ တရားဝင်မှုကို ရရှိရန်အတွက် ကြိုတင်တွက်ချက်ထားသော ဟန်ပြလုပ်ရပ်များသာဖြစ်ကြောင်း အဆိုပါ အဖွဲ့က ဖော်ပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တယ်ဆိုတဲ့ သတင်းက အမှန်ဆိုရင်တော့ ကောင်းမွန်တဲ့ ခြေလှမ်းပါ၊ ဒါပေမဲ့ ဒါဟာ မတရား ဖမ်းဆီးထိန်းသိမ်းထားမှုအဖြစ် ရှိနေဆဲပါပဲ” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး၊ နိုဘယ်ဆုရှင်အား လွတ်လပ်သော စောင့်ကြည့်လေ့လာသူများ၊ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များက ချက်ချင်း တွေ့ဆုံခွင့်ရရန်လည်း တောင်းဆိုထားသည်။

စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီမှ စတင်လျှင်၂၀၂၆ မတ်လသည် အရပ်သားများ သေကျေပျက်စီးမှု အများဆုံးလ ဖြစ်ခဲ့ပြီး စစ်အုပ်စု၏ ပစ်မှတ် မရွေး ခွဲခြားမှု မရှိသော တိုက်ခိုက်မှုများကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ကြောင်း လက်မှတ်ရေးထိုးသူများက ဆိုသည်။

ဖိလစ်ပိုင်၏ ဦးဆောင်မှုအောက်တွင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်အသစ်တရပ် ချမှတ်ရန် အဆိုပါ အဖွဲ့က တိုက်တွန်းသည်။

၎င်းတွင် အာဆီယံ အစည်းအဝေးများ၌ စစ်အုပ်စု ကိုယ်စားလှယ်များကို ပိတ်ပင်ထားမှုကို အလုပ်အမှုဆောင်အဆင့် အရာရှိများအထိပါ တိုးမြှင့်ပိတ်ပင်ရန်လည်း ပါဝင်ပြီး၊ ယင်းမှာ စစ်အုပ်စုအတွက် အရေးပါသော နိုင်ငံရေး တရားဝင်မှု ရရှိနေသည့် လမ်းကြောင်းကို ဖြတ်တောက်ရန် ဖြစ်သည်။

ထို့အပြင် ဦးဝင်းမြင့်ကို မြန်မာနိုင်ငံ၏ တရားဝင် သမ္မတအဖြစ် ဆက်လက် အသိအမှတ်ပြုရန်နှင့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများ အပါအဝင် တနိုင်ငံလုံးသို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ အပြည့်အဝပေးနိုင်ရေးအတွက် ဖိအားပေးရန်လည်း အာဆီယံကို တောင်းဆိုထားသည်။

မဇ္ဈိမ