မြစ်ကြီးနားမြို့တွင် စစ်ကောင်စီတပ်ဖွဲ့က ရှောင်တခင်စစ်ဆေးမှု ခပ်စိပ်စိပ်လုပ်လာနေ

By MPM 10 မတ်, 2025 👁 6

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အတွင်း နေရာတချို့၌ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာပြည်သူများကို ရှောင်တခင်တားဆီးစစ်ဆေးမှုတို့ကို ခပ်စိပ်စိပ်လုပ်လာနေကြောင်း မြစ်ကြီးနားမြို့ခံပြည်သူများက ပြောသည်။

ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ စစ်ကောင်စီတပ်က ဗလမင်းထင်တံတားကနေ မြစ်ကြီးနားတက္ကသိုလ် ကျောင်းနောက်ကျောဘက် မြို့ရှောင်လမ်း၊ အေးမြသာယာရပ်ကွက်အဝင် ရထားသံလမ်း၊ ရွှေစက်ရပ်ကွက် မြစ်ကြီးနားလွှတ်တော်ရုံးရှေ့၊ကျွန်းပင်သာနှင့် လယ်ကုန်းလမ်းဆုံအပါအဝင် မြို့တွင်းလမ်းဆုံ၊ လမ်းထောင့်နေရာတချို့တွင် စစ်ဆေးမှုတွေ ခပ်စိပ်စိပ်လုပ်လာသည်ဟု မြစ်ကြီးနားမြို့ခံများက ပြောသည်။

မြစ်ကြီးနားမြို့ခံတစ်ဦး “ပုံမှန်နေ့တိုင်းတော့ မစစ်ဘူး။ ဒါပေမယ့် ခုနောက်ပိုင်းစစ်တာ ပိုစိပ်လာတယ်။ သူတို့ စစ်တဲ့နေ့ဆိုရင် ဖြတ်သွားဖြတ်လာလူတိုင်းကိုစစ်တယ်။ ဘာကြောင့်စစ်တယ်ဆိုတာတော့ မပြောဘူး” ဟု ပြောသည်။

ယခုလိုစစ်ဆေးရေးပြုလုပ်ချိန် စစ်သား ၅ ဦးနှင့် ၁၀ ဦးကြားရှိပြီး လက်နက်၊ စစ်ယူနီဖောင်းဝတ်ပြီး စစ်ဆေးသလို အရပ်ဝတ်နှင့် တားဆီးစစ်ဆေးမှုလည်း ရှိသည်ဟု မြစ်ကြီးနားမြို့ခံ အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

“ယူနီဖောင်းအပြည့်ဝတ်ပြီး တားရင်တော့ စစ်ဆေးခံကြပါတယ်။ ဒါပေမယ့် တခါတလေ အရပ်ဝတ်တွေနဲ့ တားတော့ ပြည်သူတွေက ဓါးပြထင်တာလည်းရှိတော့ မရပ်ပေးတဲ့သူလည်းရှိတယ်။ မရပ်ပေးပြန်တော့ သူတို့က ပစ်တယ်လေ။ အဲဒါကြောင့် သွားရလာရတော်တော်ခက်တယ် ခုနောက်ပိုင်း” ဟု ၎င်းက ပြောသည်။

ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့တွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့တွင်း လုံခြုံရေးပိုတင်းကြပ်လာသလို ဌာနဆိုင်ရာနှင့် ရဲစခန်းအနီးပတ်ဝန်းကျင်ရှိ လမ်းပိုင်းများ၌ သွားလာခွင့် ပိတ်ထား သည့်အပြင် ဖွင့်ထားသည့်လမ်းများတွင်လည်း ည ၆ နာရီနောက်ပိုင်း ဖြတ်သန်းခွင့်မရှိတော့ဘူးဟု သိရပါတယ်။

ယင်းအပြင် ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းကစ၍ မြို့တွင်းရှိ ရဲစခန်းများအားလုံး၌ ဘန်ကာများ ထပ်တိုးတည်ဆောက်ထားသလို မြစ်ကြီးနားကနေ တန်ဖရဲ၊ မြစ်ဆုံသွားလမ်းမပေါ်ရှိ ပလနဂိတ်၌လည်း လမ်းသွားလမ်းလာ မသင်္ကာသူများကို စစ်ဆေးသည့်အပြင် ဖေဖော်ဝါရီလဆန်းပိုင်းကစ၍ ဂိတ်ရှေ့တွင်လည်း စီစီတီဗီများတပ်ဆင်လျက် လုံခြုံရေးတိုးမြင့်ထားသည်ဟု မြစ်ကြီးနားမြို့ခံတို့က ပြောသည်။

အဆိုပါပလနဂိတ်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် မြစ်ကြီးနားမြို့မှ လိုင်ဇာဘက်သို့ လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်ချိန်တိုင်း ည ၈ နာရီဝန်းကျင်မှစ၍ လမ်းသွားလမ်းလာ ကား၊ ဆိုင်ကယ်များ အားလုံးကို စစ်ဆေးမှုပြုလုပ်သည့်တဲ့ဂိတ်ဖြစ်ကာ မြစ်ကြီးနားမြို့အဝင် လုံခြုံရေးတင်းကြပ်ဆုံးဂိတ်ဟု ပြောဆိုကြသည်။

ယခုလို စစ်ကောင်စီတပ်က မြို့တွင်းရှောင်တခင်တားဆီးစစ်ဆေးမှုအပြင် မြို့တွင်းလူသတ်ခံရမှုလည်း တိုးလာနေတာကြောင့် မြစ်ကြီးနားမြို့တွင်းနေထိုင်သည့် ပြည်သူများသတိထားသွားလာနေရသည်ဟု မြစ်ကြီးနားမြို့တွင် နေထိုင်သူများက ပြောဆိုသည်။

KNG ပေးပို့သည်။