မြင်းမူမြို့ မြို့နရဲစခန်းအဝင်ဝတွင် မိုင်းပေါက်ကွဲသဖြင့် စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးသေဆုံး

By MPM 19 ဒီဇင်ဘာ, 2022 👁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့၊ မြို့မရဲစခန်း အဝင်ဝတွင် မိုင်းပေါက်ကွဲပြီး လက်ဘက်ရည်ထွက်သောက်သော ရဲတပ်ဖွဲ့ဝင် ၄ ဦး ထိမှန်ခဲ့သည့်အနက် ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများနှင့် ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက အတည်ပြုပြောသည်။

မြင်းမူမြို့၊ မြို့မရဲစခန်း အဝင်ဝတွင် ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၆:၄၂ နာရီအချိန်က မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ထိခိုက်သေဆုံးမှုများ ရှိခဲ့ခြင်းဖြစ်သည်။

Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း-၇ တာဝန်ရှိသူ တစ်ဦးက “သူတို့ ဝင်တာထွက်တာ သွားတာလာတာတွေကို စောင့်ကြည့်နေတာ ကြာပြီ။ ဒီကနေ့ (၁၅ ရက်နေ့) မနက် ပေါက်ကွဲအားပြင်းတဲ့ မိုင်းနှစ်လုံးကို စခန်းဝမှာ ချခဲ့ပါတယ်။ သူတို့ လက်ဖက်ရည်ထွက်သောက်ချိန်မှာ မိုင်းနှစ်လုံးကို ဖောက်ခွဲခဲ့တာပါ” ဟု ပြောသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက်ပိုင်းက လက်ဖက်ရည်ဆိုင်ထိုင်ဖို့လာသည့် စစ်ကောင်စီတပ်က ရဲ ၄ ဦးကို ရဲစခန်းအဝင်ဝတွင် ရောက်ရှိချိန် မိုင်းဖောက်ခွဲခဲ့ခြင်းကြောင့် မိုင်းထိမှန်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းတာဝန်ရှိသူက ပြောသည်။

မိုင်းပေါက်ကွဲမှုကြောင့် ရဲတပ်သားတစ်ဦး နေရာတင် သေဆုံးသွားပြီး အခြား ထိခိုက်ဒဏ်ရာရရှိသူများကို မုံရွာဆေးရုံသို့ ပို့ဆောင်ချိန် သေဆုံးသွားခြင်းဖြစ်သည်။

ထိုသို့ ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် မြို့တွင်း လုံခြုံရေးတင်းကြပ်ထားပြီး ရဲစခန်းအနီး ဖြတ်သန်းသွားလာသူများကို တားဆီးစစ်ဆေးမှုများ လုပ်ဆောင်ခဲ့သည်ဟု မြို့ခံများက ပြောသည်။

မြင်းမူမြို့၊ မြို့မရဲစခန်း အဝင်ဝ မိုင်းပေါက်ကွဲမှုကို Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း – ၇ မြင်းခြံခရိုင်နှင့်အတူ တပ်ခွဲ ၃ True Fighter အဖွဲ့ တပ်ခွဲ – ၃ ပူးပေါင်းတို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သို့သော် အဆိုပါတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်း မရှိသေးပေ။

NMG – ပေးပို့သည်။