မော်လမြိုင်တွင် တက္ကသိုလ် ကျောင်းသား/ကျောင်းသူများအား စစ်မှုထမ်းကင်းလွတ်ခွင့်ရမည့်ဟုဆိုကာ စစ်ပညာသင်တန်းတက်ရောက်ရန် စည်းရုံးနေ

By MPM 11 ဖေ‌ဖော်ဝါရီ, 2025 👁 5

မွန်ပြည်နယ်၊ မော်လမြိုင်မြို့က တက္ကသိုလ်များတွင် ပညာသင်ကြားနေသည့် ကျောင်းသားကျောင်းသားများကို စစ်ကောင်စီကဖွင့်လှစ်သည့် စစ်ပညာသင်တန်းတက်ရောက်ပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမည့် စသည်ဖြင့် တိုက်တွန်းစည်းရုံးခေါ်ယူနေသည်ဟု တက္ကသိုလ်ကျောင်းသားတချို့က ပြောဆိုသည်။

စစ်ကောင်စီက ဖွင့်လှစ်သည့် စစ်ပညာသင်တန်း တက်ရောက်ပြီးစီးထားပါက စစ်မှုထမ်းကင်းလွတ်ခွင့်ရမည့်အပြင် မှတ်ပုံတင်နှင့် နိုင်ငံကူးလက်မှတ် ပြုလုပ်ရာတွင် လွယ်ကူမြန်ဆန်ခြင်း၊ အကောက်အခွန် ကင်းလွတ်ခွင့်ရခြင်း စသည့် အကျိုးခံစားခွင့်ရရှိမည်ဟုဆိုကာ မော်လမြိုင်တက္ကသိုလ်ရှိ ဆရာဆရာမတို့က သင်တန်းတက်ရောက်ရန် တိုက်တွန်းစည်းရုံးနေသည်ဟု ကျောင်းသူကျောင်းသားများက ပြောဆိုသည်။

“ပြောထားတာကတော့ ဒီလိုအခွင့်အရေးတွေရမှာပေါ့။ ကိုယ်ကသင်တန်းပြီးမြောက်ကြောင်းကတ် ရထားတယ် ဆိုရင် သွားလာရလွယ်ကူတယ်။ ကျောင်းအတွင်းဆောင်မှာနေတဲ့သူတွေကို ပိုတိုက်တွန်းပြီးပြောတယ်။ အပြင်လူ တွေဆိုရင် သူတို့မပြောဘူး။ သူတို့ပြောတာက အဝေးသင်တွေတောင် မရနိုင်ဘူး၊ ဒါက Day သမားတွေပဲ ရနိုင်တဲ့ အခွင့်အရေးတဲ့” ဟု အဆောင်နေ ကျောင်းသူတစ်ဦးက ပြောသည်။

စစ်မှုထမ်းသင်တန်းနှင့် အလားတူသည့် စစ်ပညာသင်တန်းကို တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် ကျောင်းသား/ကျောင်းသူတို့က ပါဝင်တက်ရောက်ရမည် ဆိုသည်ကို ကျောင်းသားမိဘများကလည်း စိုးရိမ်မကင်းဖြစ်နေကြောင်းလည်း ပြောဆိုကြသည်။

မော်လမြိုင်မှ တက္ကသိုလ်များတွင် ၂၀၂၄ – ၂၀၂၅ တက္ကသိုလ်ပညာသင်နှစ်၊၌ ပညာသင်ကြားနေသည့် တက္ကသိုလ် ဆရာဆရာမ၊ ကျောင်းသားကျောင်းသူတို့ ပါဝင်သည့် စစ်ပညာသင်တန်းကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်နေ့က မော်လမြိုင်ပညာရေးဒီဂရီကောလိပ်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း တက္ကသိုလ်ကျောင်းသားကျောင်းသူတို့ ပြောဆိုမှုအရ သိရသည်။

စစ်ကောင်စီကာကွယ်ရေးဦးစီးချုပ်ရုံး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှုးရုံး၊ အမှတ် (၃) တက္ကသိုလ် လေ့ကျင့်တပ်မှဦးစီးကာ မော်လမြိုင်တက္ကသိုလ်များမှ စစ်ပညာသင်တန်း တက်ရောက်ရန် ကိုယ်တိုင်ဆန္ဒပြု လျှောက်ထားသည့် ဆရာဆရာမနှင့် ကျောင်းသား/ကျောင်းသူတို့ကို ၃ လတာ သင်တန်းပို့ချသွားမည်ဟု မော်လမြိုင်သတင်းရင်းမြစ်တစ်ဦးမှ ပြောသည်။

“မော်လမြိုင်တက္ကသိုလ် ဆရာတွေကို လှမ်းမေးကြည့်တော့ အင်အားဘယ်လောက်ပို့ရမလဲဆိုတာ သူတို့ မပြောဘူး။ သက်ဆိုင်ရာမေဂျာအလိုက်လူ စာရင်းကောက်သွားတာမျိုးပဲ၊ သင်တန်းကတော့ မော်လမြိုင်ပညာရေး ကောလိပ်မှာလို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

အဆိုပါသင်တန်းကို စစ်ကောင်စီတပ် မိသားစုဝင်နှင့်နီးစပ်သည့် ကျောင်းသားကျောင်းသူတို့က စာရင်းပေး သွင်းကာ ပါဝင်တက်ရောက်နေကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသူတစ်ဦးက ပြောဆိုသည်။

ထို့အပြင် သင်တန်းမတက်ရောက်လိုသည့် ကျောင်းသူတချို့က နေရပ်သို့ ပြန်သွားသူတို့လည်း ရှိနေသည်ဟု ကျောင်းသားကျောင်းသူများကြား ပြောဆိုလျှက်ရှိကြောင်း သိရသည်။

စစ်ပညာသင်တန်းတွင် အခြေခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်းဟူ၍ သင်ကြားသွားမည်ဖြစ်ပြီး သာမာန်သင်တန်းချိန်နှင့် စခန်းချသင်တန်းချိန်အလိုက် သင်ကြားသွားမည်ဟုလည်း စစ်တပ်ထောက်ခံချန်နယ် တို့တွင် ရေးသားဖော်ပြထားသည်ကို တွေ့ရသည်။

နိုင်ငံတစ်ဝန်း စစ်ရှုံးနေသည့် စစ်ကောင်စီတပ်က စစ်အင်အားရရှိရန် နည်းအမျိုးမျိုးဖြင့် ကြိုးပမ်းနေပြီး စစ်မှုထမ်း သင်တန်းသားတို့ ရှေ့တန်းစစ်မြေပြင်တွင် ရောက်ရှိခဲ့သကဲ့သို့ စစ်ကောင်စီ၏ စစ်ပညာသင်ကြားသူတိုင်း အချိန်မရွေး တိုက်ပွဲအတွက် အသုံးချခံ ဖြစ်နိုင်သည်ဟုလည်း လေ့လာစောင့်ကြည်သူတို့က သုံးသပ်ပြောဆိုသည်။

စစ်ကောင်စီထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ နေပြည်တော်၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ ပဲခူးတိုင်း တောင်ငူမြို့နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့တို့တွင် စစ်ပညာသင်တန်း ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

IMNA ပေးပို့သည်။