မောင်းမကန်ရွာခံအမျိုးသမီးအား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးခေါ်သွားပြီးနောက် သတင်းအဆက်အသွယ်ပြတ်နေ

By MPM 31 အောက်တိုဘာ, 2024 👁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ကျေးရွာနေ အမျိုးသမီးတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည်မှာ နှစ်ပတ်ကျော်ကြာမြင့်လာသည်အထိ သတင်းအစအနမရရှိသေးဟု လောင်းလုံးမြို့ သတင်းရင်းမြစ်များထံက သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၀ ရက်နေ့က မောင်းမကန်ကျေးရွာနေ အသက် ၅၀ နှစ်အရွယ် ဒေါ်ခင်နှောင်းကို အမည်မသိ လက်နက်ကိုင်သေနတ်သမား ၂ ဦးက မောင်းမကန်ကျေးရွာ လေသာဘုန်းကြီးကျောင်းတွင် လာရောက်စောင့်ဆိုင်း ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ပြောဆိုသည်။

ဒေါ်ခင်နှောင်းကို ဒလန်ဟုစွပ်စွဲကာ ဖမ်းဆီးသွားသော်လည်း မောင်းမကန်ကျေးရွာတဝိုက်တွင် လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့တို့က ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်ခြင်းမပြုထားကြောင်း ပြောဆိုခြင်းကြောင့် မိသားစုဝင်များက စိုးရိမ်လျှက်ရှိနေသည်ဟု လောင်းလုံဒေသခံအမျိုးသမီးက ပြောပါသည်။

“နောက်ဆက်တွဲ ဘာမှကို မကြားရတော့တာ။ လောင်းလုံးက PDF တွေကို လိုက်ပြီးမေးကြည့်တဲ့အချိန်မှာ ဘယ်ဘက်ကမှ ဖမ်းဆီးထိန်းသိမ်းထားတာ မရှိဘူးလို့ပြောတယ်။ သူတို့အိမ်ကလည်း မောင်းမကန်ရဲစခန်းဘေးနားမှာ ရှိတယ်ဆိုတော့ သူ့ကို ဒလန်လို့စွပ်စွဲချက်နဲ့ ခေါ်သွားတာလို့ ပြောတယ်။ အခုချိန်ထိ ဘာမှမကြားပုံထောက်ရင် ဆုံးသွားပြီလားလို့ပဲ မိသားစုကထင်ကြတာပေါ့” ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ထိုအခြေအနေကြောင့် ၎င်း၏မိသားစုဝင်နှင့်အတူ သပိတ်ကော်မတီ (ထားဝယ်ခရိုင်) က ဖမ်းဆီးခေါ်ဆောင်ခံထားရသည့် ဒေါ်ခင်နှောင်းအား အပြစ်ကျူးလွန်ထားကြောင်း ခိုင်လုံသည့် သက်သေအထောက်အထားမရှိပါက ဖမ်းဆီးထားခြင်း၊ သတ်ဖြတ်ခြင်းမပြုရန် တောင်းဆိုလျှက်ရှိသည်။

တော်လှန်ရေးကာလအတွင်း ယခုကဲ့သို့ ဒေသခံတချို့ လူမသိသူမသိ သေဆုံးပျောက်ဆုံးနေသည့်အပေါ် တော်လှန်ရေးအင်အားစုတို့အနေဖြင့် အမှန်တရားပေါ်ပေါက်ရန် ဝိုင်းဝန်းဖြေရှင်းသင့်ကြောင်း သပိတ်ကော်မတီ (ထားဝယ်ခရိုင်) လူထုစည်းရုံးရေးတာဝန်ခံ ကိုမင်းလွင်ဦးက ပြောသည်။

“အထူးသဖြင့် ဒီတော်လှန်ရေးတပ်ဖွဲ့တွေ ထိုက်သင့်သလောက် စိုးမိုးထားတဲ့ဧရိယာထဲမှာ ဒီလိုမျိုးဖြစ်တဲ့ဟာက မဖြစ်သင့်ဘူး။ ဒီလိုမျိုး case ဖြစ်တယ်ဆိုရင် တော်လှန်ရေးအင်အားစု တပ်ဖွဲ့တွေအနေနဲ့လည်း တာဝန်ယူ ဖြေရှင်းပေးဖို့ လိုတယ်။ နောက်ပြီး NUG ရဲ့ MOJ ဆိုတာ ရှိတယ်။ ဒါပေမဲ့ မြေပြင်အထိ ထိထိမိမိမလုပ်နိုင်တဲ့ အနေအထားမှာ ရှိနေတယ်” ဟု ကိုမင်းလွင်ဦးက ပြောသည်။

လက်ရှိတွင် မောင်းမကန်ကျေးရွာတဝိုက်၌ လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့များဖြစ်သည့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်တော် (DNLA)၊ BaHtoo Army နှင့် လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က ဒေါ်ခင်နှောင်းကို ၎င်းတို့အဖွဲ့က ဖမ်းဆီးထားခြင်းမရှိဟု ပြောဆိုထားကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက အရပ်သားပြည်သူတို့ကို ပစ်မှတ်ထားဖမ်းဆီးမှုများ ပိုမိုလုပ်ဆောင်လာနေသည့်အပြင် တော်လှန်ရေးတပ်ဖွဲ့တို့ကလည်း ဒလန်စွပ်စွဲချက်နှင့် ဖမ်းဆီးမှုသတ်ဖြတ်မှုတို့ရှိနေသည်ဟု မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

ရာမညအင်စတီကျူ၏ လစဉ်အစီရင်ခံစာအရ ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းတွင် ဒေသခံအရပ်သားပြည်သူများ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသူ ၁၀၆ ဦးအထိရှိပြီး အများစုသည် စစ်မှုထမ်းရန်နှင့် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခံနေရကြောင်း ဖော်ပြထားသည်။

IMNA ပေးပို့သည်။