မောင်မရှောင်ကျေးရွာ၊ ဘုရားမဲဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ၅ ဦး သေဆုံး

By MPM 29 ဖေ‌ဖော်ဝါရီ, 2024 👁

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာရှိ ဘုရားမဲစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး သေနတ် ၂ လက်နှင့် လက်နက်ခဲယမ်းလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဗထူးတပ်မတော်က ပြောဆိုသည်။

ဘုရားမဲဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည့် ကာကင်းစခန်းနှင့် ဘုးရားမဲစစ်ဆေးရေးဂိတ်တို့ကို ဖေဖော်ဝါရီ ၂၈ ရက် နေ့လည် ၁၂ နာရီခန့်တွင် ဗထူးတပ်မတော်က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

နာရီဝက်နီးပါးကြာ ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၅ ဦး သေဆုံးပြီး MA-3 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ၄၀ မမ ဗုံးသီး ၆ လုံး၊ ကျည်ဆံအတောင့် ၂၀၀ ကျော်နဲ့ အခြားပစ္စည်းများလည်း သိမ်းဆည်း ရမိခဲ့တယ်လို့ ဗထူးတပ်မတော် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောသည်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးနှင့် ရမ်းသမ်းပစ်ခတ်လို့ မောင်မယ်ရှောင်ကျေးရွာရှိ နေအိမ် ၁ လုံး ပျက်စီးပြီး မိန်းကလေးငယ် ၁ ဦး ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ မောင်မယ်ရှောင်ကျေးရွာ ဒေသခံများက ပြောဆိုသည်။

ဗထူးတပ်မတော်အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ရေးအရှိန်မြှင့်၍ စစ်ကောင်စီတပ်ကို တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်တာကြောင့် ပြည်သူများအနေနှင့် စစ်ရေးသတိရှိကြရန်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနှင့် အမြန်ဆုံး ပြည်သူ့ရင်ခွင် ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၁၈ ရက်နေ့က ဘုရားမဲစစ်ဆေးရေးဂိတ်ကို ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား၂ ဦး သေဆုံးခဲ့ပါသည်။

သံလွင်တိုင်းမ် ပေးပို့သည်။