မောင်တောမြောက်ပိုင်း၊ မီးတိုက်ရွာအနီး AA နှင့် အာဆာ ARSA တို့ တိုက်ပွဲဖြစ်ပွားနေ

By MPM 19 ဖေ‌ဖော်ဝါရီ, 2025 👁 5

အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားသည့် ရခိုင်ပြည်အနောက်ဘက်နယ်စပ် မောင်တောမြို့နယ် မြောက်ပိုင်းရှိ မီးတိုက်ကျေးရွာအနီးဝန်းကျင်တွင် AA က အာဆာ (ARSA) အဖွဲ့အား ရှင်းလင်းရေးလုပ်ရာက တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလျက်ရှိနေကြောင်း မီးတိုက်ကျေးရွာဒေသခံများက ပြောသည်။

မီးတိုက်ကျေးရွာအနီးသို့ အာဆာအဖွဲ့များ ဝင်ရောက်လာသည့်အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မှ ဖေဖော်ဝါရီ ၁၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

မီးတိုက်ရွာသားတစ်ဦးက “မီးတိုက်ကျေးရွာအနီးက နယ်ခြားမှတ်တိုင်တွေကို ဝင်ရောက်လာတဲ့ အာဆာတွေ ကို AA ဘက်က ရှင်းလင်းရေးလုပ်တယ်။ အာဆာအကြမ်းဖက်အဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားတယ်။ မနေ့က AA ဘက်က စစ်ကူကား ၃ စီး ရောက်လာတယ်။ တိုက်ပွဲမဖြစ်ခင်ကတည်းက ပစ်ခတ်သံတွေက နေ့တိုင်း ကြားနေရတယ်။ အခုတိုက်ပွဲဖြစ်နေတာ ဒီနေ့နဲ့ဆို ၄ ရက်လောက်ရှိပြီ” ဟု ပြောသည်။

ယခုတိုက်ပွဲဖြစ်စဉ်နှင့် ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။

လက်ရှိတွင်လည်း မီးတိုက်ကျေးရွာအနီးဝန်းကျင်အား AA က လိုက်လံရှင်းလင်းလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့အစည်းများဖြစ်ကြသည့် ARSA၊ RSO၊ ARA နှင့် Rohingya Islami Mahaaz (Arakan) တပ်ဖွဲ့များ ပေါင်းစည်းပြီး အဖွဲ့သစ်တစ်ခုထူထောင်ကာ ဘင်္ဂလားဒေ့ရှ် -မြန်မာနယ်စပ်၌ စစ်ရေးလေ့ကျင့်လျက်ရှိနေကြကြောင်း မောင်တောမြောက်ပိုင်း ဗန္ဓုလ (ခ) ဘော်ဒူလာဒေသခံများထံမှ သိရသည်။

“ဘင်္ဂလားနိုင်ငံဘက်ခြမ်းမှာ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့သစ်တစ်ခုကို အထူးစစ်သင်တန်းပေးနေတယ်။ ကျွန်တော်တို့ မောင်တောမြောက်ဘက်အဆုံး ဘော်ဒူ (ခေါ်) ဗန္ဓူလဘက်က သေနတ်ပစ် လေ့ကျင့်နေတဲ့ အသံတွေ နေ့စဉ်ကြားနေကြရတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ထိုသို့ မောင်တောဒေသအား လက်နက်ကိုင်အကြမ်းဖက်သမားများ တိုက်ခိုက်လာနိုင်၍ ခုခံကာကွယ်ရန် AA က မောင်တောမြောက်ပိုင်း ကျေးရွာများမှ ပြည်သူ့စစ်များခေါ်ယူပြီး ၄၅ ရက် သင်တန်းပေးလျက် ရှိနေသည် ဟုလည်း သိရသည်။

နိရဉ္စရာ ပေးပို့သည်။