သျှမ်းပြည်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ အပြိုင်အဆိုင် နေရာယူထားပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကြောင်း ဒေသခံများထံက သိရသည်။
လက်ရှိအချိန်တွင် စယ်လန့်ကျေးရွာအုပ်စုအတွင်းရှိ စောမွန်လှကျောင်း၌ TNLA က တပ်စွဲနေရာယူထားပြီး၊ စယ်လန့်အထက်တန်းကျောင်း အထကကျောင်းဝန်းအနီး၌ အာဏာသိမ်းစစ်ကောင်စီတပ်က တပ်စွဲနေရာယူထားသည်ဟု ဒေသခံဖြစ်သူ အိုက်လမ်(နာမည်လွဲ)က ပြောသည်။
“သူတို့ တပ်ဖွဲ့နှစ်ဖွဲ့ တပ်စွဲထားတဲ့နေရာက နှစ်ဖာလုံလောက်ပဲ ကွာဝေးတယ်၊ အဲ့လို အရမ်းနီးနေတော့ ပစ်ခတ်မှုက အချိန်မရွေး ဖြစ်ပွားနိုင်တယ်။ အဲ့ကြောင့် စယ်လန့်ရွာထဲမှာ အစစအရာရာ သတိထားပြီး နေကြရတယ်” ဟု အိုက်လမ် (နာမည်လွဲ) က ပြောပြသည်။
ကျေးရွာအတွင်း နေရာယူတပ်စွဲထားသည့် လက်နက်ကိုင်တပ်ဖွဲ့များကြောင့် စစ်ရေးပိုမိုပြင်းထန်လာမည်ကို စိုးရိမ်ရသည့်အပြင် သွားရေးလာရေးအတွက်လည်း သတိထားလုပ်ဆောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က ပစ်လိုက်သည့် မပေါက်ကွဲသေးသော လက်နက်ကြီး ၃ လုံးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက်သိမ်းဆည်းသွားကြောင်း အိုက်လမ် (နာမည်လွဲ) က ဆက်ပြောသည်။
“တိုက်ပွဲပြီးကတည်းက စယ်လန့်ရွာထဲမှာ မကွဲသေးတဲ့ ၆၀ မမ အမျိုးအစား လက်နက်ကြီး ၃ လုံး ရှိတယ်။ မြောက်ကျောင်းထဲမှာ ၁ လုံး၊ ဈေးထဲမှာ ၂ လုံး ရှိခဲ့တယ်။ ဒါပေမဲ့ မနေ့ညက အဲ့တာတွေ မတွေ့ရတော့ဘူး။ ဘယ်တပ်ဖွဲ့က လာသိမ်းပေးသွားလဲ မသိရဘူး” ဟု ၎င်းက ပြောဆိုသည်။
အာဏာသိမ်းစစ်ကောင်စီတပ်နှင့် TNLA တပ်တို့အကြား ထိတွေ့တိုက်ပွဲများ ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့မှ ၃၁ ရက်အထိ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်နှင့် TNLA တို့ တိုက်ပွဲကြောင့် အရပ်သားတချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦးများ ပျက်စီးခဲ့ကြောင်းနှင့် ဒေသခံ ၆၀၀ ကျော်သည်လည်း နေရပ်စွန့်ခွာ စစ်ရှောင်နေရဆဲဖြစ်သည်ဟု ဒေသခံများထံက သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း လက်နက်ကြီးကျည်နှင့် ကျည်ဆန်ထိပြီး ပျက်စီးသွားခဲ့သည့် နေအိမ်နှင့် အဆောက်အဦးများကိုလည်း မပြုပြင်နိုင်သေးကြောင်းနှင့် ပျက်စီးမှုများအတွက် ပြန်လည်ပြုပြင်နိုင်ရန် အကူအညီများလည်း လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
သျှမ်းသံတော်ဆင့် ပေးပို့သည်။