ကရင်အမျိုးသားအစည်းအရုံး – KNU တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ် အမှတ် (၄) ရပ်ကွက်တွင် နင်းမိုင်းပေါက်ကွဲမှုကြောင့် သက်လတ်ပိုင်းအရွယ်အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အောက်တိုဘာ ၈ ရက်နေ့က မုန်းမြို့ (၄) ရပ်ကွက်ရှိ မူလတန်းကျောင်းအနောက်ဖက် လမ်းတစ်နေရာတွင် ထောင်ထားသော နင်းမိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ပြီး မစိုးရိမ်ရဒဏ်ရာများဖြင့် တောင်ငူမြို့ပေါ်ဆေးရုံသို့ ပို့ဆောင်ကုသထားသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။
“၄ ရပ်ကွက်က ဦးစိုးလှိုင်တို့ မောင်နှမ (၂) ယောက်နဲ့ သူ့တူလေးနဲ့ထိတာ၊ ဖြတ်ရတဲ့အဆင့်တော့ ဖြစ်မသွားဘူး။ အခုတောင်ငူဆေးရုံကို ပို့ထားတယ်၊ အခြေအနေကောင်းတယ်။ လူမရှိရင် သူခိုးရန်ကကြောက်ရသေးတော့ ကျမတို့က မုန်းမြို့ထဲလာပြန်နေရတာ လာပြန်နေကြတာ။ အခုလည်း ကျောင်းအနောက်မှာ ဖြစ်သွားတာဆိုတော့ မိုင်းအန္တရာယ်ကတော့ ကြောက်ရတယ်” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားပြီးနောက် မုန်းမြို့အတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၅၉၀, ၅၉၉ တပ်ဖွဲ့ဝင်များ နေရာပြန်ယူထားပြီး လက်ရှိအချိန်ထိ နယ်မြေစိုးမိုးထားခြင်းဖြစ်ကြောင်း KNU သတင်းရင်းမြစ်က ဆိုသည်။
ယခုဖြစ်စဥ်တွင် မည်သည့်တပ်ဖွဲ့က ထောင်ထားသောမိုင်းဖြစ်ကြောင်း မသိရှိရဟု ဒေသခံများက ပြောဆိုကြသော်လည်း စစ်ကောင်စီ၏ဝါဒဖြန့် လူမှုကွန်ရက်နှင့် မီဒီယာတချို့တွင် KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသောမိုင်းဖြစ်ကြောင်း ဖြန့်ဝေပြောဆိုမှုရှိနေသည်။
အဆိုပါပြောဆိုမှုနှင့်ပတ်သက်၍ KNU ၏ မုန်းမြို့နယ်ဆိုင်ရာပြောခွင့်ရသူက “မုန်းမြို့ထဲမှာက စစ်တပ်ပဲရှိတယ်၊ မိုင်းကလည်း သူတို့ပဲထောင်ထားမှာပေါ့။ ကျနော်တို့ထောင်တာတော့ မဟုတ်ပါဘူး။ သူတို့ပြန်ထိုင်တာ လပေါင်းမှမနည်းတော့တာ။ အဲဒီကတည်းက ပြည်သူတွေကတော့ ထွက်ပြေးကြတာပဲ၊ စစ်တပ်နဲ့ ဆက်စပ်တဲ့သူတွေလောက်ပဲ ပြန်နေကြတာ” ဟု ပြောသည်။
ထို့အပြင် အောက်တိုဘာ ၈ ရက်နေ့ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ အမှတ် (၄) ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်များဖြစ်ကြသလို ပဲစိုက်ပျိုးရေးလုပ်ကိုင်ရန် ဆိုင်ကယ်ဖြင့်အသွား မိုင်းထိဒဏ်ရာရခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာတချို့၌ ဒေသခံတို့၏ပြောဆိုချက်ကို ဖော်ပြထားသည်ကို တွေ့ရသည်။
မုန်းမြို့တိုက်ပွဲများနောက်ပိုင်း စစ်ကောင်စီတပ်က မြို့တွင်းရှိ ၎င်းတို့တပ်စွဲထားသော တပ်ရင်းနေရာများတွင် အင်အားဖြည့်တင်းထားသလို နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိသည့်တိုင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီးနှင့် မကြာခဏ ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားပြည်သူ ထိခိုက်မှုရှိနေကြောင်းလည်း KNU တပ်မဟာ (၃) ထံမှ သိရသည်။
KIC ပေးပို့သည်။