ကရင်အမျိုးသားအစည်းအရုံး- KNU တပ်မဟာ (၃)၊ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင် မုန်းမြို့နယ်တွင် ပြီးခဲ့သည့်် ဧပြီလမှ ဩဂုတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၇ ကြိမ်ပြုလုပ်ပြီး လက်နက်ကြီးပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံ ၁၀,၇၃၄ ဦး စစ်ဘေးရှောင်ခဲ့ရကြောင်း မုန်းမြို့နယ် ကရင် အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်သည်။
ယင်းအပြင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် မုန်းမြို့နယ် ဒေသခံ ၁၉ ဦး သေဆုံးပြီး ၅၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ကျေးရွာများအတွင်း ဝင်ရောက်မီးရှို့ခြင်းကြောင့် လူနေအိမ်ပေါင်း ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရသည်ဟု အဆိုပါကော်မတီ၏ သြဂုတ် ၁၇ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီတပ်က လက်ရှိအချိန်ထိ နေ့၊ ညမရွေး တိုက်ပွဲဖြစ်ပွားခြင်း ရှိရှိ၊ မရှိ လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် ဒေသခံများ စစ်ရှောင်နေရသည်ဟုလည်း ကော်မတီ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“အခုလည်း နေ့တိုင်း ညတိုင်းလိုလိုလက်နက်ကြီး တစ်ရက်ကို အနည်းဆုံး (၁၀) လုံး ပစ်ချတယ်။ ဖြူးမြို့နယ် ထဲက တချို့ရွာတွေဆို မနေရဲလို့ ပြေးကြပြီ။ ရွှေဝါရွာအခြေစိုက်တပ်ကရော နတ်သံကွင်းဘက်ကရော လိုက်ထု ချတဲ့အခါကြတော့ စစ်တောင်းမြစ်အနောက်ကလူတွေ လွတ်ရာလိုက်အိပ်ပုန်းနေရတယ်။ နေ့ခင်းဘက်ဆို ရွာပြန် ကိုယ့်အလုပ်ကိုယ်လုပ် အဲ့လိုပေါ့” ဟု ၎င်းက ပြောသည်။
ယင်းအပြင် ပြီးခဲ့သည့်လပိုင်းက တစ်နိုင်ငံလုံးနီးပါး ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ရာ မုန်းမြို့နယ်တွင်လည်း ရေကြီးမှုကြောင့် နေအိမ်ပေါင်း ၂၆ လုံး ပျက်စီးပြီး ကျေးရွာပေါင်း ၁၀၀ ရာကျော်ရှိ ဒေသခံ ၇၂,၄၂၉ ဦး ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ရသည်ဟုလည်း ကော်မတီ၏ထုတ်ပြန်ချက်တွင် ပါရှိသည်။
ကော်မတီအနေဖြင့် စစ်ဘေးသင့်၊ ရေဘေးသင့်ပြည်သူများကို ကရင်အမျိုးသမီးအစည်းအရုံး-KWO, ကရင်ပြည်တွင်း နေရပ်စွန့်ခွာရသူများဆိုင်ရာ ကော်မတီ- CIDKP အစရှိသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ စားနပ်ရိက္ခာ၊ အမိုးအကာနှင့် ဆေးဝါးများ ထောက်ပံ့ကူညီခဲ့သည်ဟု ဆိုသည်။
လက်ရှိအချိန်ထိ စစ်ကောင်စီက ပြည်သူလူထုနေထိုင်ရာကျေးရွာများသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေသည့်အပြင် နဂိုရှိနေသည့် စစ်ရှောင်များနှင့် ရေဘေး၊ စစ်ဘေးကြောင့် နောက်ထပ်တိုးလာသူ စစ်ရှောင်များအား ကူညီထောက်ပံ့နိုင်ရန် လိုအပ်ချက် ရှိနေဆဲဖြစ်သည်ဟုလည်း ကော်မတီထံမှသိရသည်။
ထို့ကြောင့် စစ်ကောင်စီ၏ ပြည်သူလူထုအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်တန့်ရန်၊ နိုင်ငံတကာ အနေဖြင့် သဘာဝဘေးနှင့် စစ်ဘေးကြုံတွေ့နေရသည့် ပြည်သူများ၏ စားဝတ်နေရေး၊ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေးအတွက် အကူအညီပေးရန်၊ ပြည်တွင်းပြည်ပရှိ ကရင်လူထု၊ အဖွဲ့အစည်း၊ နိုင်ငံတကာအစိုးရများ၊ လူ့အခွင့်ရေး လှုပ်ရှားဆောင်ရွက်သူများအနေဖြင့် စစ်ကောင်စီအား ပိုမိုထိရောက်သော အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်ရန်လည်း ကော်မတီက တောင်းဆိုထားသည်။
KNU – ဗဟို၏ ဇူလိုင်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်အရ မုန်းမြို့နယ်အပါအဝင် ညောင်လေးပင်ခရိုင်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မှ ၂၀၂၄ ခုနှစ် ဇွန်လအထိ စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၄၃၀,၀၀၀ ကျော် ရှိကြောင်း သိရသည်။
KIC ပေးပို့သည်။